စကုမှာ ကျောက်မီးသွေးတွင်း ပေါက်လို့ ၅ ဦးသေ

ရေးသားခဲ့သည်။

မကွေးတိုင်း မင်းဘူး-စကုမြို့နယ်မှာရှိတဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲတာကြောင့် ပိတ်မိနေသူတွေထဲက အလောင်း ၅ လောင်းကို လောလောဆယ် တွေ့ရှိထားပါတယ်။

ကျောက်တလုံး ကျောက်မီးသွေးတွင်းဟာ နိုဝင်ဘာလ၂၇ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီ့ထဲမှာ လူ ၈ ယောက် ပိတ်မိနေခဲ့ပါတယ်။

အောက်ဆီဂျင်မလုံလောက်မှုကြောင့် ပိတ်မိနေတဲ့ သူတွေအားလုံး အသက် ဆုံးရှုံး သွားနိုင်ပြီလို့ ယူဆကြောင်း မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်ကီးရှိန်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာမှာ စက်ယန္တရား အကြီးစားတွေနဲ့ တွင်းအနက် ပေ ၃ဝဝ အထိ ဆင်းပြီး ရှာဖွေမှုတွေ လုပ်နေတယ် လို့လည်း ဆိုပါတယ်။

ပိတ်မိနေသူထဲမှာ တရုတ်နိုင်ငံသား တယောက်ပါဝင်ပြီး အခုအချိန်ထိတော့ သူ့ရဲ့ အလောင်းကို မတွေ့ရှိသေးပါဘူး။

ဒီကျောက်မီးသွေးတွင်းဟာ ပြည်တွင်း ကုမ္ပဏီ တခုဖြစ်တဲ့ ဟန်ထက်ကုမ္ပဏီက သက်တမ်း ၅ နှစ် လုပ်ငန်း စီမံကိန်းနဲ့ တူးဖော်နေတဲ့ တွင်းဖြစ်ပြီး အောက်ဆီဂျင်နဲ့ ဆက်ထားတဲ့ လေပိုက် ပေါက်ထွက်ပြီး တွင်းပြိုခဲ့တာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှု အကြောင်းကိုတော့ ကုမ္ပဏီဘက်ကို မေးမြန်းနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။