ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စည်ပင်ရွေးကောက်ပွဲ သမ္မတလာရောက်မဲထည့်တဲ့ သတင်းအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ
(၁) စည်ပင်ရွေးကောက်ပွဲအတွက် သမ္မတလာရောက်မဲထည့်
၂၀၁၈ ခုနှစ်အသစ်ပြန်လည် ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင်သာယာရေး ဥပဒေသစ်နဲ့ ဒီကနေ့ မနက် ၆ နာရီက စတင်ပြီး မဲပေးနေကြပါတယ်။
မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင်ပြီး တာမွေမြို့နယ်ထဲက ရွေးကောက်ပွဲ မဲရုံ အမှတ် ၃ ကို ဒီကနေ့ မနက်ပိုင်းမှာ လာရောက်မဲပေးသွားခဲ့ပါတယ်။
မဲရုံစောင့်ကြည့်လေ့လာနေသူတွေ ပြောချက်အရ တချို့နေရာတွေမှာ လာရောက်မဲပေးသူ နည်းပါးတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေးပါတီ ကိုယ်စားပြုသူတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပြီး အများအားဖြင့် စည်ပင်သာယာရေး လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ပါဝင်ယှဉ်ပြိုင်ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဥပဒေသစ် အရ မဲဆွယ်စည်းရုံးရေး ကာလမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေး ပါတီတွေရဲ့ အလံ၊ လိုဂိုနဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို သုံးစွဲပြီး မဲဆွယ်ခွင့်ပြုတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် စည်ပင်သာယာရေး ဥပဒေအရ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မြို့တော် ကော်မတီဝင် နေရာ ၆ နေရာ ၊ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ် အတွက် မြို့နယ်အလိုက် ဥက္ကဌ နေရာ၊ မြို့နယ် အလိုက် အဖွဲ့ဝင် ( ၁) နေရာစီ၊ မြို့နယ် အဖွ့ဲဝင် (၂) နေရာစီ အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦး က ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာတော့ မြို့တော် ကော်မတီဝင် ၆ နေရာအတွက် ၆ ဦး နဲ့ မြို့နယ် ၃၃ မြို့နယ်က ကိုယ်စားလှယ်လောင်း ၉၉ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၀၅ ဦး ရွေးချယ်ခံ ရမှာ ဖြစ်ပါတယ်။
အခု စည်ပင်ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၈၀၀ ရုံ ကျော် ဖွင့်လှစ်ထားပြီး ၊ မဲရုံတွင်း မဲပုံး ၄ ပုံး ထားရှိကာ နေရာ ၄ ခု အတွက် ကိုယ်စားလှယ် ၄ ယောက်ကို မဲပေးရမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အတွင်းမှာ မဲပေးခွင့် ရရှိသူ လူဦးရေ ၃. ၄ သန်း ရှိပြီး အများစုကတော့ မဲပညာပေး ရရှိမှု အားနည်းနေတာကို တွေ့ရတယ်လို့ လေ့လာ စောင့်ကြည့်သူတွေကပြောခဲ့ပါတယ်။
(၂) ချင်းပြည်နယ် ဒုလွှတ်တော် ဥက္ကဌ နှုတ်ထွက်စာတင်
ချင်းပြည်နယ် ဒုလွှတ်တော် ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ဖို့ ညွန်ကြားခံထားရတဲ့ မင်းတပ်မြို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းဟာ နှုတ်ထွက်ကြောင်းကို မတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ချင်းပြည်နယ် လွှတ်တော် ပုံမှန် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ဒီလို နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ဦးအောင်သန်းက သူ့အနေနဲ့ မင်းတပ်မြို့နယ်အတွင်းက လမ်းချဲ့တာနဲ့ ပတ်သက်လို့ အတိုင်ခံရတာကြောင့် အခုလို ပါတီစည်းကမ်းထိန်းသိမ်းရေးက နှုတ်ထွက်ဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
တိုင်ကြားခံရစဉ်က ပါတီဘက်ကမေးမြန်းမှုအပေါ် ဦးအောင်သန်းအနေနဲ့ မဖြေရှင်းရသေးခင် အခုလို နှုတ်ထွက်ဖို့ ပြောဆိုတာကြောင့် နှုတ်ထွက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သူက " ကျွန်တော် ပါတီဗဟိုကို ရှင်းလင်းဖို့ စာနဲ့ အကြိမ်ကြိမ် တင်ပြခဲ့တယ်။ ပါတီကလဲ ရှင်းလင်းပါပြောတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းအရာတွေကြောင့်မှန်း မရှင်းလင်းနိုင်ခင်မှာ ပါတီက ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတာကို လိုက်နာတဲ့အနေနဲ့ ထွက်စာတင်လိုက်တာပါ" လို့ဆိုပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကို တိုင်ကြားခံထားရတဲ့ လမ်းတာချဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပါတီကို သွားရောက် ရှင်းပြမှာဖြစ်တယ်လို့ ပြောပါတယ်။
(၃) မြန်မာအင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာဆာနဲ့ မြန်မာလုံခြုံရေး တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြိ့ မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၃၀ ရက်နေ့ မနက် ၁၀နာရီကနေ ၁၁ နာရီကျော်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ လက်နက်ကြီး လက်နက်ငယ် သံတွေကို အနီးအနား ကျေးရွာတွေကပါ ကြားခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဟာ မီးတိုက်ကျေးရွာနဲ့ သင်္ဘောလှ ကျေးရွာအကြားမှာ စတင် ဖြစ်ပွားခဲ့ပေမယ့် မြန်မာ့တပ်မတာ်ကနေ လိုက်လံ ရှင်းလင်းတဲ့အခါ မီးတိုက် ၊ သင်္ဘောလှအပြင် တမန်းသား၊ ကွမ်းသီးပင်၊ မဲဒီ ဆိုတဲ့ နေရာ ၅ ခုလောက်မှာ ဆက်ပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။
(၄) သမ္မတ ထရမ့်ရဲ့ ညွန်ကြားချက်နဲ့ အကူအညီတချို့ ရပ်ဆိုင်း
သမ္မတထရမ့်ရဲ့ ညွန်ကြားချက်နဲ့ အဆာဘီဒို ၊ ဂွမ်တီမာလာ၊ ဟွမ်ဒူးရပ်စ် တို့ကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
အမေရိကတိုက် အလယ်ပိုင်း သုံးနိုင်ငံဟာ အမေရိကန်ကို ရွှေ့ပြောင်းဝင်လာသူတွေ လာနေတာကို မတားဆီးနိုင်ဘူးလို့ သမ္မတ ထရမ့်က အကြောင်းပြကာ အမေရိကားကပေးနေတဲ့ အကူအညီတွေကို ခုလို ရပ်ဆိုင်းလိုက်တာပါ။
ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ အမတ်တွေကတော့ အခုလို သမ္မတထရမ့်ရဲ့ လုပ်ဆောင်ချက်ကို ဝေဖန်နေကြပါတယ်။