ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ၂ ရက်တာ ပြုလုပ်မယ် စတဲ့ မေလ ၆ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ
(၁) အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ၂ ရက်တာ ပြုလုပ်မယ်
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ မေ ၇ ရက်နဲ့ ၈ ရက်တွေမှာ ၂ ရက်တာ ပြုလုပ်သွားမယ်လို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace Myanmar) က ဦးအေးလွင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးမှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ဘုံစိန်ခေါ်ချက်၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အခွင့်အရေး၊ အမျိုးသမီးအရေး၊ ပညာရေး ကဏ္ဍတွေမှာ ဖြေရှင်းဆောင်ရွက်နိုင် နည်းလမ်းတွေ ရှာကြမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘာသာတရားကို နိုင်ငံရေးမှာ Political Tool အဖြစ် အသုံးချခြင်း ခံနေတယ်။ ဒီလို အသုံးချနေမှုကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးဘက်ကနေ အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေနဲ့ အစားထိုးဖို့ကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဦးအေးလွင်က ပြောပါတယ်။
ဒီဆွေးနွေးမှာ ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ် မောင်ဘို အပါအဝင် ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ မွတ်ဆလင် ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့ တက်ရောက်ကြမယ်လို့ ဆိုပါတယ်။
ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြုလုပ်တာ ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
(၂) ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရတဲ့ ကျောက်တန်းကျေးရွာထဲ ဆရာတော်ကြီး ၇ ပါး သွားရောက်ခွင့်ရ
တပ်မတော်က ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အခုအချိန်ထိ လူပေါင်း ၁၃၁ ဦးကို ဖမ်းဆီး စစ်ဆေးခံနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာထဲကို ရသေ့တောင်မြို့ စေတီယင်္ဃန ဆရာတော်ကြီး အပါအဝင် ဆရာတော်ကြီး ၇ ပါး သွားရောက်ခွင့် ရခဲ့ပါတယ်။
ပြည်သူတွေကို ပိတ်ပြီးဖမ်းဆီးထားတယ်ဆိုတဲ့ မြေပြင်အခြေအနေကို တွေ့ချင်လို့ သွားရောက်ခဲ့တာ ဖြစ်ပြီး၊ အပြစ်မရှိတဲ့သူတွေကို မြန်မြန်လွှတ်ပေးဖို့နဲ့ ကျန်မာရေး စောင့်ရှောက်မှုတွေ ပေးဖို့ ဗျူဟာမှူး အပါအဝင် တပ်မတော်က တာဝန်ရှိသူတွေကို မေတ္တာရပ်ခံခဲ့တယ်လို့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့ (စစ်တွေ) ရဲ့ နာယက အောင်မြေကုန်း ဆရာတော်က ပြောပါတယ်။
ရခိုင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ မေလ ၅ ရက်က ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရတဲ့ ကျောက်တန်းကျေးရွာထဲကို စစ်တွေနဲ့ ရသေ့တောင် မြို့နယ်တွေက ဆရာတော်ကြီး ၇ ပါး သွားရောက်ပြီး တပ်ဘက်နဲ့ ရွာသားတွေကို တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ကျောက်တန်းကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း အဖွဲ့ဖွဲ့ပြီး တပ်မတော် အရာရှိ တစ်ဦးကို စစ်ဆေးမှုတွေ ရှိနေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။
(၃) DMG အယ်ဒီတာချုပ် မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့်
Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့်ထားတယ်လို့ DMG သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကိုဧကရစ်က ပြောပါတယ်။
" မနေ့က ညနေ ၄ နာရီလောက်က စစ်တွေ အမှတ် ၁ ရဲစခန်းက ကျွန်တော်တို့ သတင်းဌာနက အယ်ဒီတာ ကိုနေဝင်းစံနဲ့ အကြီးတန်းသတင်းထောက် ကိုသက်နိုင်တို့ကို ခေါ်ပြီးမေးမြန်းတယ်။ DMG ရဲ့ အယ်ဒီတာချုပ်ကို ပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့်ထားတယ် ပြောတယ်။ ဒါကြောင့် စစ်ဆေးမေးမြန်းဖို့ ခေါ်မေးတာတဲ့၊ ဘာကြောင့် အမှုဖွင့်တာလည်း မေးတော့ မပြောကြဘူး" လို့ ကိုဧကရစ်က ပြောပါတယ်။
DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၇ (၂) နဲ့ မေလ ၂ ရက် က အမှုဖွင့်ထားတယ်လို့ ပြောပေမယ့် ဘာအကြောင်းအရာကြောင့် သတင်းဖွင့်တယ် ဆိုတာကို မပြောသလို အယ်ဒီတာချုပ် ဦးအောင်မင်းဦးဟာ အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်လို့ ကိုဧကရစ်က ပြောပါတယ်။
Development Media Group (DMG) ဟာ စစ်တွေအခြေစိုက် အွန်လိုင်းသတင်းဌာန တခု ဖြစ်ပြီး ရခိုင်ပြည်နယ် သတင်းတွေကို အဓိကရေးသား တင်ဆက်ပေးတဲ့ သတင်းဌာန ဖြစ်ပါတယ်။
(၄) ရုရှားနိုင်ငံပိုင် လေယာဉ်တစ်စင်း မီးလောင်မှု သေဆုံးသူ ၄၁ ဦး အထိ ရှိလာ
ရုရှားနိုင်ငံပိုင် Aeroflot လေကြောင်းလိုင်းက လေယာဉ်တစ်စင်း မော်စကိုမြို့က လေယာဉ်ကွင်းတစ်ခုပေါ် အရေးပေါ် ဆင်းသက်နေချိန် မီးလောင်ခဲ့ရာမှာ သေဆုံးသူ ၄၁ ဦး အထိ ရှိလာပါတယ်။
လေယာဉ်ရဲ့ အင်ဂျင်တွေဟာ Sheremetyevp လေဆိပ် ပြေးလမ်းပေါ် ရောက်ရောက်ချင်း မီးထလောင် ခဲ့တာပါ။
ခရီးသည်တွေကတော့ လေယာဉ် အနောက်ပိုင်း မီးလောင်နေချိန်မှာပဲ အရေးပေါ် အပေါက်ကနေ လျှောဆင်း လွတ်မြောက် ခဲ့ကြပါတယ်။
လေယာဉ်ဟာ ခရီးသည် ၇၈ ဦးကို တင်ဆောင်ပြီး မော်စကိုမြို့ ကနေ မြာမန့်စ်ခ်မြို့ကို ဦးတည်ပျံသန်းပြီး မကြာခင်မှာပဲ အရေးပေါ် ဆင်းသက်ဖို့ လေယာဉ်မှူးတွေက အကြောင်းကြားခဲ့တာပါ။
အသက်မသေဘဲ လွတ်မြောက်လာတဲ့ ခရီးသည်တွေကတော့ လေယာဉ်ဟာ မိုးကြိုးပစ် ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆပြောဆို နေကြပါတယ်။
(၅) တရုတ် သွင်းကုန်အမျိုးမျိုးကို အခွန်တိုးမြှင့်ဖို့ရှိတယ်လို့ သမ္မတဒေါ်နယ်ထရမ့် ပြောဆို
တရုတ်နိုင်ငံက သွင်းကုန်အမျိုးမျိုးကို သိသိသာသာ အခွန်တိုးမြှင့်ဖို့ ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
လာမယ့် သောကြာနေ့ ( မေ ၁၀ ရက်) မှာ စတင် အသက်ဝင်မယ့် အခွန်တိုးကောက်ရေး အစီအစဉ်ဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာတဲ့ ကုန်သွယ်ရေး တင်းမာမှုပါ။
နှစ်နိုင်ငံ ကုန်သွယ်စစ်ပွဲ မဖြစ်ရေးအတွက် တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ ဆွေးနွေးပွဲတွေဟာ တိုးတက်မှု နှေးကွေးလွန်း နေတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
ဆွေးနွေးပွဲ အတွက် တရုတ်အကြီးတန်း ကိုယ်စားလှယ်တွေ ဝါရှင်တန်ကို လာရောက်ဖို့ စီစဉ်အပြီးမှာပဲ သမ္မတထရမ့်က အခုလို ပြောလိုက်တာပါ။
သမ္မတရဲ့ အခုအစီအစဉ်အရ တရုတ်ရဲ့ ထုတ်ကုန်တွေအပေါ် ဒေါ်လာဘီလျံ ၂,၀၀၀ အခွန် တိုးကောက်မှာ ဖြစ်ပြီး ဒါဟာ အခွန်နှုန်းကို ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း အထိ တိုးလိုက်တာလည်း ဖြစ်ပါတယ်။