ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
KBC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို တပ်မှတရားစွဲ အပါအဝင် မနက်ခင်းသတင်းများ
KBC ဥက္ကဌကို တပ်က တရားစွဲ
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က မြစ်ကြီးနားမြို့နယ် တရားရုံးကို ပုဒ်မ ၂၀ဝ နဲ့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
တရားစွဲရတဲ့ အကြောင်းကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ အမေရိကန်ပြည်ထောင်စုကို သွားတဲ့အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့စဉ် ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေအပေါ်မှာ တရားစွဲတာဖြစ်တယ်လို့ လျှောက်ထားချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချိန်တွင် ဒေါက်တာ ခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အစရှိတဲ့ အချက် (၅) ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။
နမ့်ပေါင်ကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွား
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာတော့ နမ့်ပေါင်ကျေးရွာမှာ ထပ်ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လားရှိုးမြို့နယ်တွင်းက နမ့်ပေါင်ရွာ အနားမှာ ပစ်ခတ်သံတွေကြောင့် နမ့်ပေါင်ဈေး ပိတ်ထားရပြီး အခုအခါ ကားအသွားအလာတွေပါ ပိတ်ထားပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ ည ဆယ်နာရီခန့်တွင် သိန်းနီ-ကွမ်းလုံ ချင်းရွှေဟော်လမ်းပိုင်းမှာရှိတဲ့ နားတီးကျေးရွာ နားက တံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
အခုချိန်မှာတော့ ပစ်ခတ်မှုတွေကြောင့် ကုန်တင်ယဉ်နဲ့ ခရီးသည် ကားတို့ ရှေ့ဆက် မသွားပဲ ပြန်လှည့်လာတာတွေ ရှိတယ်လို့ လားရှိုးဒေသခံတွေက ဆိုပါတယ်။
အမေရိကန် ဘီလျံနာသူဌေး လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အမျိုးသမီးများထွက်ဆို
အမေရိကန် ဘီလျံနာ သူဌေး ဂျက်ဖရီအပ်စတိန်းရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရတယ်လို့ စွပ်စွဲထားသူ အမျိုးသမီး ၁၅ ဦးဟာ တရားရုံးမှာ ထွက်ဆိုမှု လုပ်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့က မန်ဟတ်တန် တရားရုံးမှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးတွေထဲက တစ်ချို့ကတော့ သူတို့ဆယ်ကျော်သက်ဘဝမှာ ဘယ်လို အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့အကြောင်း တရားခွင်မှာ ထွက်ဆိုကြတာဖြစ်ပါတယ်။
ဒါ့အပြင်မစ္စတာ အပ်စတိန်း ဟာထောင်ထဲမှာ သတ်သေသွားတာဟာ တရားရင်ဆိုင်ရမှာကို ရှောင်လွှဲသွားတာ ဖြစ်တဲ့အတွက် ဒေါသဖြစ်ရတဲ့ အကြောင်းကိုလည်း အမျိုးသမီးတွေက ပြောထးပါတယ်။
မစ္စတာ အပ်စတိန်း သေဆုံးသွားပြီဖြစ်လို့ ဒီအမျိုးသမီးတွေဟာ အမှုပိတ်သိမ်းမှု အဖြစ် နောက်ဆုံးအကြိမ် တရားရုံးမှာ သူတို့အတွေ့အကြုံတွေကို ထွက်ဆိုသွားကြတာပါ။
မစ္စတာ အပ်စတိန်းရဲ့ ရှေ့နေတွေကတော့ သူတို့ဟာ မစ္စတာ အပ်စတိန်းရဲ့ အကျဉ်းထောင်အတွင်း ကြိုးဆွဲချ သတ်သေမှုကို သံသယရှိပြီး သေဆုံးမှု အခြေအနေတွေကို ပြန်လည်သုံးသပ်ပေးဖို့ တရားသူကြီးကို လျှောက်လဲထားပါတယ်။