ဦးညီပုကို စွဲဆိုထားတဲ့ ၅၀၅(ခ)အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ရှိ

ရေးသားခဲ့သည်။

နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်‌ဟောင်း ဦးညီပုကို လာမယ့် အောက်တိုဘာ ၈ ရက်မှာ အဲဒီအမှု အတွက် အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက် ဒီကနေ့ရုံးချိန်းမှာတော့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ဦးညီပုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဘက်က အပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်ပြီး တရားရုံးက နောက်အပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က ထုတ်ပြန် ခဲ့တဲ့ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရသလို နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ နိုင်ငံတဝန်းက တရားရုံးတွေမှာ တရားစွဲ ဆိုခံရပြီး အမှုရင်ဆိုင်နေရသူတွေထဲ ဦးညီပုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

"ဦးညီပုကို ၅၀၅ (ခ) နဲ့စွဲထားတဲ့အမှုကို စစ်တွေမြို့နယ်တရားရုံးမှာ အွန်လိုင်းကနေ ရုံးထုတ်ပါတယ်။ ဒီနေ့ ကျွန်တော်က ဦးညီပုအတွက် အပြီးသတ်လျှောက်လဲချက် ပေးပါတယ်။ နောက် ၈ ရက်၊ ၁၀ လ၊ ၂၀၂၁ ခုနှစ်၊ လာမယ့်သောကြာနေ့ပေါ့။ အဲ့ဒီနေ့မှာ အမိန့်ချမယ်လို့ တရားရုံးက ချိန်းဆိုထားရှိပါတယ်။ အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။"လို့ ဦငြိမ်းချမ်းကျော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး ဖမ်းဆီးခံလိုက်ရတဲ့ ဝန်ကြီး ချုပ်ဟောင်း ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ တရားရင်ဆိုင်နေရပါတယ်။

ရှေ့နေဘက်က လျှောက်လဲချက်မှာတော့ ဦးညီပုကိုစွဲဆိုထားတဲ့အမှုမှာ အချို့သက်သေခံ အချက်တွေဟာ ဥပဒေနဲ့ မညီညွတ်တာတွေရှိနေကြောင်း လျှောက်လဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ တရားလိုဘက်က သက်သေ ၅ ဦးတင်သွင်းခဲ့ပေမဲ့ ဦးညီပုဘက်ကတော့ သက်သေတင်ပြတာ မရှိဘူးလို့သိရပါတယ်။

နောက်လာမယ့်ရုံးချိန်းမှာ ပုဒ်မ ၅၀၅(ခ)နဲ့ပတ်သက်လို့ အမိန့်ချတော့မှာဖြစ်ပေမယ့် ဒီအမှု အတွက် ဦးညီပုနဲ့ရှေ့နေတွေ သီးခြားတွေ့ခွင့်ရတာမျိုးမရှိသေးပါဘူး။

ဒါပေမဲ့ အဂတိလိုက်စားမှု ပုဒ်မ ၅၅ အတွက် စစ်တွေထောင်ထဲမှာ ရုံးထုတ်တဲ့အခါမှာသာ စစ်တွေအကျဥ်းထောင်ထဲက သီးသန့်တရားရုံးမှာ ခဏတွေ့ခွင့်ရကြပြီး အမှုအတွက်ပါ ဆွေးနွေးဖြစ်တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

ဦးညီပုကို စစ်တွေတပ်နယ်ထဲမှာပဲ ထိန်းသိမ်းထားတယ်လို့ပဲ သိရပြီး ဘယ်မှာ ထိန်းသိမ်း ထားတယ်ဆိုတာ တိတိကျကျမသိရသေးသလို မိသားစုကလည်း အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဉီးတို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားပြီး အဲ့ဒီအမှုမှာ ဦးညီပုကို အမှုလေးမှုခွဲပြီးတော့ စွဲဆိုထားတာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော် သန်းက ပြောပါတယ်။

အဂတိမှုနဲ့ပတ်သက်လို့လည်း စစ်တွေအကျဉ်းထောင်တွင်းက သီးသန့်တရားရုံးမှာ တစ်ပတ်ကို နှစ်ရက် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာတော့ တရားလိုကို ရှေ့နေတွေဘက်က စစ်မေးမှုတွေပြလုပ်တဲ့ဆင့် ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။

ဦးညီပုရဲ့မိသားစုဝင်တွေကတော့ ဦးညီပုဟာ စွပ်စွဲခံထားရသလို ဘာအပြစ်မှ ကျူးလွန်ထား တာမျိုးမရှိပေမဲ့ အခုလို ကြီးလေးတဲ့ပုဒ်မတွေနဲ့တရားစွဲဆိုခံနေရတာဆိုပြီး တုံ့ပြန် ပြောဆို ထားပါတယ်။

ရှေ့နေတွေကတော့ ဦးညီပုဟာ အခုလိုပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရပေမဲ့ တုန်လှုပ်တာ မတွေ့ရသလို စိုးရိမ်ကြောင့်ကြမှုတွေ မရှိကြဖို့ ပြောဆိုတာကိုလည်းတွေ့ရတယ်လို့ ရှေ့နေတွေက ပြောထားပါတယ်။