ကျုံပျော်က ဘာသာရေး အမည်ခံအဖွဲ့ကို တရားစွဲ

ရေးသားခဲ့သည်။

ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်က လှည်းဆိပ်ရွာမှာ တရားမဝင် ဘာသာရေး အဖွဲ့ တစ်ခု ထူထောင်ပြီး လူငယ်တွေအပေါ် စည်းရုံးသိမ်းသွင်း ပြီး လိင်ပိုင်းဆိုင်ရာ မလျော်မကန် ဆောင်ရွက်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် သာသနာရေး ဝန်ကြီး ကိုယ်တိုင်ရဲ့ ညွှန်ကြားချက်အရ တိုင်းဒေသကြီး အစိုးရ အဖွဲ့က စုံစမ်း အရေးယူဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။

ကျူးလွန်သူတွေကို တရားစွဲတဲ့ အဆင့် အထိ ရောက်နေပြီလို့ ကျုံပျော်မြို့နယ် ကိုယ်စားပြု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်သီတာက ပြောပါတယ်။

မန်းဖိုးကြူးဆိုသူ ခေါင်းဆောင်တဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့က လူငယ်တွေကို သိမ်းသွင်းပြီး လှည်းဆိပ်ရွာက ခြံကျယ်ကြီး တစ်ခုထဲမှာ ဆောက်ထားတဲ့ အိမ်တစ်လုံးမှာ ထားတယ်လို့ ဆိုပါတယ်။

ဘာသာစုံ လူမျိုးစုံပါတဲ့ အဖွဲ့ဝင် လူငယ်တွေကိုထားတဲ့ အဲဒီအိမ်ကို ဘယ်သူမှ ဝင်ခွင့် မပေးကြောင်းနဲ့ ဘယ်သူမှလည်း မဝင်ရဲကြကြောင်း ဒေါ်သီတာကပြောပါတယ်။

အဖွဲ့ဝင် ဖြစ်သွားတဲ့အခါ မိန်းကလေး ယောက်ျားလေးတွေဟာ သူတို့ မိသားစု ဆွေမျိုးတွေကို မသိကြတော့တဲ့ အထိ ဖြစ်သွားကြတယ်လို့ ဆိုပါတယ်။

လှည်းဆိပ်ရွာမှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို စိုးရမ်ကြတဲ့ NLD ပါတီ ရပ်ကွက်နဲ့ ကျေးရွာ အလုပ်အမှုဆောင် တွေနဲ့ ပြည်သူတွေရဲ့ သတိပေးမှုကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းရင်းသား ဝန်ကြီးနဲ့ အတူ ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမယ်ဆိုတာ ဆွေးနွေးနေတုန်းမှာပဲ လူမှုကွန်ရက် တွေကနေတဆင့် လူတွေပြောဆိုလာကြပြီးနောက် သာသနာရေး ဝန်ကြီးက အရေးယူ ဆောင်ရွက်ဖို့ စာထုတ်လာခဲ့တာလို့ ဒေါ်သီတာကပြောပါတယ်။

လူငယ်တွေကို စင်္ကာပူကို ပို့ပေးမယ်လို့ စည်းရုံးပြီးနောက် ပို့ပေးရာမှာ ရတဲ့လုပ်ခကို ပို့ပေးသူတွေ ကသာ ရယူတဲ့ အတွက် အဲဒီ အဖွဲ့ဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူကုန်ကူးနေတဲ့ အဖွဲ့လို့လည်း ပြောလို့ရတယ်လို့ သူက ဆိုပါတယ်။