ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်သင်တန်းဆင်းပွဲ မတက် အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သင်တန်းဆင်းပွဲ မတက်

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း၊ အမှတ်စဉ် ၁၂၂၊ သူရတပ်ခွဲ့ သင်တန်းဆင်းပွဲကို ဧပြီလ ၅ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်ရောက်ဘဲ သူ့ကိုယ်စား ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အရာတွေရဲ့ ဗိုလ်လောင်း သင်တန်းဆင်းပွဲတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရမှာ ဖြစ်ပေမယ့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ကိုယ်စားတက်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တွေကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ပဲ တက်တယ် ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိပေမယ့် အစဉ်အလာအရတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကပဲ တက်လေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၇၄ နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားမှာလည်း ဒူးနာနေလို့ မတက်ရောက်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

သင်တန်းဆင်းပွဲမကျင်းပမီ ဧပြီလ ၄ရက်နေ့ မွန်းလွဲပိုင်းတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲကို လက်ခံတွေ့ဆုံခဲ့ပါ သေးတယ်။

၂၀၁၄သန်ခေါင်းစာရင်းထက် ရန်ကုန်လူဦးရေ ၈သိန်းကျော်ထပ်တိုးလာ

ရန်ကုန်မှာနေထိုင်တဲ့လူဦးရေက အရင် ၇ သန်းကျော်ရှိရာကနေ ငါးနှစ်အတွင်း နောက်ထပ် လူဦးရေ ၈ သိန်းကျော် လောက်ထပ်တိုးလာလို့ ရန်ကုန်မှာ လူဦးရေ ရှစ်သန်းကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကရဲ့ ခန်မှန်းလူဦးရေစာရင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၁ရက်နေ့ အထိ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄.၁၀ သန်းထိရှိပြီလို့ ထုတ်ပြန်ပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့အချိန်ကတော့ မြန်မာ့လူဦးရေဟာ ၅၁ သန်းကျော်သာ ရှိပါတယ်။ ငါးနှစ်အတွင်း စုစုပေါင်းတိုးလာတဲ့ လူဦးရေ သုံးသန်းနီးပါးထဲက တစ်သန်းနီးပါးဟာ ရန်ကုန်က တိုးလာတဲ့ လူဦးရေဖြစ်ပါတယ်။

ရန်ကုန်ကတိုးလာတဲ့လူဦးရေ ရှစ်သိန်းကျော်ထဲမှာလည်း အမျိုးသမီးဦးရေ လေးသိန်းခုနှစ်သောင်းအထိ ထပ်တိုးလာသလို အမျိုးသားဦးရေ သုံးသိန်းခုနှစ်သောင်းလည်း ထပ်တိုးလာပါတယ်။

မန္တလေးတိုင်းရဲ့လူဦးရေကတော့ ၂၀၁၄ ခုနှစ်အချက်အလက်အရ ၆.၁ သန်းကျော်ကနေ ၂၀၁၉ မှာတော့ ၆.၄ သန်းကျော်ကိုရောက်လာပြီး လူဦးရေ သုံးသိန်းထပ်တိုးလာပါတယ်။ အဲဒီအရေအတွက်မှာ အမျိုးသား တစ်သိန်းကျော်နဲ့ အမျိုးသမီးနှစ်သိန်းကျော်တို့ထပ်တိုးလာတာပါ။

ကချင်ပြည်နယ်က တရုတ်တစ်ရှုးငှက်ပျောခင်းအသစ်စိုက်တာတွေ ရပ်ထားဖို့ ညွှန်ကြား

ကချင်ပြည်နယ်အစိုးရက ပြည်နယ်အတွင်း တရုတ်တစ်ရှုးငှက်ပျောခင်းအသစ်ထပ်စိုက်တာတွေကို ရပ်ထားဖို့ ညွှန်ကြားထားတယ်လို့ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီညွှန်ကြားချက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကချင်ပြည်နယ်ကိုသွားရောက်တဲ့ မတ်လ ၂၁ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တစ်ရှုးငှက်ပျော ကိစ္စကိုသေချာကိုယ်တွယ်ဖြေရှင်းကြဖို့ မှာကြားခဲ့အပြီး မှာ အသစ်ထပ်မံစိုက်ပျိုးမှုတွေကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာလည်းဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုချိန်ထိ ကချင်ပြည်နယ်အစိုးရစီမံခန့်ခွဲမှုအောက်မှာရှိတဲ့ နေရာတွေမှာ တစ်ရှုးငှက်ပျောခင်း ဧက ခြောက်သောင်းအထိ တရုတ်နိုင်ငံသားတွေကနည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု မတည်ကာ ဒေသခံတိုင်းရင်းသား များနဲ့ ပူးပေါင်းပြီး တရားမဝင် ဝင်ရောက်စိုက်ပျိုးထားတယ်လို့ ပြောပါတယ်။

အဲဒီလိုတရားမဝင်စိုက်ပျိုးထားတဲ့ တစ်ရှုးငှက်ပျောခင်းတွေကို တည်ရှိပြီး ဥပဒေများအရ တရားဝင် လမ်းကြောင်းကိုရောက်ရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း သူကဆိုပါတယ်။

ယောက်ျားချင်းစုံမက်သူတွေခွဲခြားလို့ လူမှုကွန်ရက်က ဘရူနိုင်းပိုင်ဟိုတယ်စာမျက်နှာတချို့ဖျက်ချ သပိတ်မှောက်ခံရ

အခုရက်ပိုင်းအတွင်း လိင်တူချင်း စုံမက်သူတွေ တွေအပေါ် ခွဲခြားနှိပ်ကွက်တဲ့ ဥပဒေကို ပြဋ္ဌာန်း အသက်သွင်းခဲ့တာကြောင့် လူမှုကွန်ရက် က ဘရူနိုင်းပိုင်းဟိုတယ်စာမျက်နှာတွေကို ဖျက်ချတာနဲ့ အဲဒီဟိုတယ်တွေကို မသုံးကြဖို့ သပိတ်မှောက်ကြတာ ဖြစ်လာနေပါတယ်။

အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဘရူးနိုင်းပိုင်ဟိုတယ်တွေကို သပိတ်မှောက်ဖို့ အမေရိကန်ရုပ်ရှင် မင်းသားကြီးဂျော့ချ်ကလူနီက လူမှုကွန်ရက်မှာ စတင်ခဲ့ပါတယ်။

လူမှုကွန်ရက်ဖြစ်တဲ့ တွစ်တာနဲ့ ဖေ့စ်ဘုတ်လို့ဟာတွေကလည်း ဘရူနိုင်ပိုင် ဟိုတယ် ၉ လုံးလောက်နီးပါးရဲ့ အကောင့်တွေကို ပိတ်ပစ်တဲ့ ပုံစံတွေလုပ်ခဲ့ကြပါတယ်။

ဘရူးနိုင်းမှာ ဒီလို ဥပဒေမျိုး စတင် ကျင့်သုံးတဲ့ အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချနေပါတယ်။

ဘရူးနိုင်း ဘုရင်ကတော့ သူ့နိုင်ငံထဲမှာ အစ္စလာမ် ဘာသာရေး အဆုံးအမတွေ အလိုအတိုင်း ပြင်းပြင်းထန်ထန် ကျင့်သုံးသွားမယ်လို့ ပြောထားပါတယ်။