ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စိတ်ကျန်းမာရေးချို့တဲ့သူ ညီမထံ ရိက္ခာပြန်ပို့တဲ့ထန်တလန်ဒေသခံပစ်ခတ်ခံရ
ပစ်ခတ်သေဆုံးမှုတွေနဲ့နေအိမ်မီးလောင်ဆုံးရှုံးမှုတွေဖြစ်ခဲ့လို့ တမြို့လုံးနီးပါးနေအိမ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့က ဒေသခံတွေဟာ နေအိမ်တွေဆီခေတ္တပြန်ချိန်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့အောက်တိုဘာ ၆ ရက်ကလည်း ထန်တလန်မြို့ထဲမှာ ကျန်နေခဲ့တဲ့စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ညီမဖြစ်သူကို စားနပ်ရိက္ခာပြန်ပို့တဲ့ ဒေသခံတစ်ဦးဟာ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် လက်မောင်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
''ပစ်ခတ်ခံရတဲ့ရွာသားဟာ ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ ထန်တလန်ကနေအိမ်တွေမှာကျန်ရှိပစ္စည်းတွေလာယူတဲ့ လူတစ်စုလည်း မြို့အဝင်မှာ ပစ်ခတ်ခံရလို့ထပ်ပြီးထွက်ပြေးခဲ့ရတယ်'' လို့ချင်းလူ့အခွင့်အရေးရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့လို့ ထန်တလန်မြို့ရဲ့ မြို့ဖိမြို့ဖတစ်ဦးဖြစ်တဲ့ တရားသူကြီးဟောင်းဦးရာသူနဲ့အသက် ၅၀ ဝန်းကျင်လက်သမားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်ကလည်း ထန်တလန်မြို့ပေါ်မှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နေအိမ်အလုံး ၂၀မီးလောင် ပျက်စီးကာ သင်းအုပ်ဆရာတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် ထန်တလန်ဒေသခံတွေအနေနဲ့ မြို့ထဲမနေထိုင်ရဲတော့ဘဲ နေရပ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်မှာ မရွှေ့ပြောင်းနိုင်တဲ့ လူဦးရေ ၁၀ဦးလောက်သာ ဆက်လက်နေထိုင်နေတော့တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် နီးစပ်ရာကျေးရွာတွေမှာစစ်ဘေးတိမ်းရှောင်နေတဲ့ ထန်တလန်ဒေသခံတွေအနေနဲ့စားဝတ်နေရေးခက်ခဲမှုတွေအပြင် ကိုဗစ်ရောဂါကူးစက်ခံရမှုတွေပါရှိနေတဲ့အတွက်အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ထန်တလန်ဒေသခံတွေကပြောပါတယ်။