ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံတကာ ခွေးယဉ်ကျေးမှုနဲ့ ခွေးလေခွေးလွင့် ပြဿနာ
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
ခွေးဟာ လူတွေ ပထမဆုံး မွေးခဲ့တဲ့ အိမ်မွေး တိရစ္ဆာန်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယူဆကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ နဲ့ နှစ်ပေါင်း ၃၀၀၀၀ အကြားမှာ စတင်မွေးမြူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီနေ့ခေတ်မှာ နိုင်ငံတိုင်း ခွေးကို မွေးကြတာချည်း။ ဒါပေမယ့် ခွေးအပေါ်ထားတဲ့ သဘောထားကတော့ တနိုင်ငံနဲ့ တနိုင်ငံ လူမျိုးတမျိုးနဲ့ တမျိုး မတူကြဘူး။ ခွေးကို မွေးပုံမွေးနည်းလည်း လူမျိုးတမျိုးနဲ့ တမျိုး မတူကြပါဘူး။
မြန်မာနိုင်ငံမှာ ခွေးမွေးမြူပုံ
မြန်မာနိုင်ငံမှာ ခွေးတကောင်မွေးဖို့ မှတ်ပုံတင်စရာ မလိုဘူး။ ကျွေးနိုင်ရင် မွေးထားလိုက်ရုံပဲ။ အိမ်မှာ အမြဲ ကြိုးချည်ထားစရာလည်း မလိုဘူး။ သူသွားချင်ရာသွား လွှတ်ထားချင်ရင်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ခွေးက လူတယောက်ကို လမ်းပေါ်ထွက် ကိုက်လာရင်လည်း ခွေးရှင်ကို တရားစွဲဖို့ရာ ဥပဒေ တော်တော်ရှာယူရမယ် ထင်ပါတယ်။ ကိုယ့်ခွေးက လမ်းပေါ်ထွက် မစင်စွန့်ရင်လည်း ခွေးပိုင်ရှင်မှာ ဘယ်လောက်တာ၀န်ရှိသလဲဆိုတာ သိပ်မသေချာဘူး။ ကိုယ့်ခွေးက ရူးပြီး အိမ်ကထွက်သွားရင်လည်း အိမ်ရှင်မှာ တာဝန်မရှိလှဘူး။ ခွေးရူး အကိုက်ခံရလို့ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားသူရဲ့ မိသားစုက ခွေးပိုင်ရှင်ကို တရားစွဲတယ်ဆိုတာမျိုးလည်း မကြားဖူးသလောက်ပဲ။ အိမ်မှာ မွေးထားတဲ့ခွေးကို ဆက်မမွေးချင်ရင်လည်း အိမ်က မောင်းထုတ်လိုက်ရုံပဲ။ ဘာမှ အခက်အခဲ မရှိလှဘူး။
ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ ခွေးတကောင်မွေးရတာ ဒီလောက်မလွယ်ပါဘူး။
ဗြိတိန်နိုင်ငံမှာ ခွေးမွေးမြူပုံ
ဗြိတိန်နိုင်ငံမှာ ခွေးတကောင်မွေးချင်ရင် မှတ်ပုံတင်ရတယ်။ ခွေးကို အိမ့်အပြင် သူ့ဖာသာ သွားချင်ရာသွား လွှတ်ထားလို့ မရဘူး။ အဲသလို လွှတ်ထားရင် တရားစွဲ ခံရပါမယ်။ ခွေးအပြင်ထွက်ရင် ထိန်းမယ့်ကျောင်းမယ့် ခွေးပိုင်ရှင်ဟာ ခွေးနဲ့ အတူ မဖြစ်မနေ ပါရပါတယ်။ မဖြစ်မနေပါရုံသာမက ခွေးချည်တဲ့ ကြိုးပါရတယ်။ ခွေးလည်ပတ်ပါရတယ်။ ခွေးလည်ပတ်မှာ ခွေးရဲ့နာမည်၊ လိပ်စာ၊ ခွေးရှင်ရဲ့ တယ်လီဖုန်းနံပါတ်တွေ ပါရပါတယ်။
ခွေးတကောင်ကို အိမ့်အပြင် လွှတ်ထားရင် ဒဏ်ငွေ ချမှတ်နိုင်တယ်။ အများဆုံး ဘယ်လောက်အထိ ဒဏ်ငွေ ချမှတ်နိုင်သလဲဆိုတော့ ဒဏ်ငွေ အကန့်အသတ်မရှိ ချမှတ်နိုင်တယ်။ ဒါ့အပြင် ထောင်ဒဏ် ၆ လအထိ ချမှတ် နိုင်တယ်။ ဥပဒေက အဲသလောက်အထိ ပြင်းထန်ပါတယ်။
ကိုယ့်ခွေးက သူတပါးကို ကိုက်လို့ ဒဏ်ရာ အနာတရ ဖြစ်ရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်။ ကိုယ့်ခွေးက ရူးလို့ပဲ ဖြစ်ဖြစ်၊ ကောင်းလျက်နဲ့ဖြစ်ဖြစ် တခြားလူတယောက်ကို ကိုက်လို့ အသက်ဆုံးရှုံးရရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။
မသန်စွမ်းသူတယောက်ရဲ့ အကူခွေးကို ကိုယ့်ခွေးက သွားကိုက်လို့ ခွေးသခင်က ခွင့်ပြုခဲ့ရင် သို့မဟုတ် လစ်လျူရှုခဲ့ရင် ခွေးခွေးချင်းကိုက်တာ ပေမယ့် ခွေးသခင်၊ ခွေးရှင်ကို တရားစွဲရင် ထောင်ဒဏ် ၃ နှစ်ကျခံရနိုင်ပါတယ်။
ခွေးချေး မကျုံးရင် ဒဏ်ငွေ ကျပ်သိန်း ၂၀
လမ်းပေါ်ကို ခွေးကျောင်းထွက်တဲ့ ခွေးရှင်များဟာ လက်ထဲမှာ ခွေးချေးကျုံးဖို့ ပလပ်စတစ်အိတ်ကလေးတွေ ဆောင်လာတတ်ကြပါတယ်။ လမ်းပေါ်မှာ၊ ပန်းခြံထဲမှာ၊ အများပိုင်နေရာ တနေရာမှာ ခွေးချေးပါပြီ ဆိုတာနဲ့ ခွေးပိုင်ရှင်က ပါလာတဲ့ ပလပ်စတစ်အိတ်အနက်ကလေးကို လက်မှာစွပ်ပြီး ခွေးချေးကို လက်နဲ့ ကျုံးပါတယ်။ လက်နဲ့ ကျုံးပြီး ပလပ်စတစ်အိတ်နက်လေးကို ပြောင်းပြန်လှန်ချလိုက်တာနဲ့ ခွေးချေးကို ပလပ်စတစ်အိတ်ကလေးထဲ ထည့်ပြီးသား ဖြစ်သွားပါတယ်။ အဲဒီပလပ်စတစ်အိတ်ကို သေသေချာချာ ချည်ရပါတယ်။ ပြီးရင် နီးရာ အမှိုက်ပုံးထဲ လွယ်လွယ် ပစ်ထည့်လိုက်လို့လည်း မရသေးပါဘူး။ ခွေးချေးစွန့်တဲ့ အမှိုက်ပုံးက သီးသန့်ရှိပါတယ်။ သူ့သက်ဆိုင်ရာ အမှိုက်ပုံးထဲသာ ထည့်ခွင့်ရှိပါတယ်။
သက်ဆိုင်ရာ အမှိုက်ပုံးက နီးနီးနားနားမှာ မရှိရင်တော့ ခွေးချေးအမှိုက်ပုံး မတွေ့မချင်း စိတ်ရှည်ရှည်နဲ့ သယ်သွားဖို့သာ ပြင်ပေတော့ပဲ။
တချို့ ခွေးကျောင်းတဲ့ အမျိုးသမီးတွေများ ဆိုရင် ရှိုးအပျက်မခံကြဘူး။ ပိုက်ဆံအိတ်လှလှလေးတွေ လွယ်လာတတ်ကြတယ်။ အဲဒီပိုက်ဆံအိတ်လှလှလေးက ဘာအတွက်လဲဆိုတော့ စောစောက ပလပ်စတစ်အိတ်နဲ့ ကျုံးထားတဲ့ ခွေးချေးထည့်ဖို့ပါ။
နွေရာသီနေ့ခင်းမှာ ခွေးတကောင်လက်မှာ ဆွဲလာတဲ့ အမျိုးသမီးတယောက်က နေကာမျက်မှန် အမည်းကိုစွပ် ပိုက်ဆံအိတ်လှလှလေးလွယ်ပြီး စတိုင်ကျကျ ကျော့ကျော့မော့မော့လေး လျှောက်လာတာမြင်ရင် အဲဒီပိုက်ဆံအိတ်ထဲမှာ မိတ်ကပ်ဗူးတွေ၊ အသားညှပ်ပေါင်မုန့်တွေ ထည့်လာမယ်လို့ သိပ်မထင်ပါနဲ့။ ခွေးချေးတွေ ထည့်လာတာဖြစ်ဖို့ ပိုများပါတယ်။
ဒါကလည်း မဖြစ်မနေ လိုအပ်ချက်အရ လုပ်ရတာပါ။ ဗြိတိန်မှာ ခွေးချေးပါတာကို မကျုံးရင် အများဆုံးချမှတ်နိုင်တဲ့ ဒဏ်ငွေဟာ ပေါင် ၁၀၀၀ ပါ။ ပေါင် ၁၀၀၀ ဆိုတာ လက်ရှိပေါက်စျေးအရ မြန်မာငွေနဲ့ တွက်ကြည့်ရင် ကျပ်သိန်း ၂၀ နီးပါးရှိနေပါတယ်။
ဗြိတိန်နိုင်ငံမှာ ခွေး ၈ သန်းရှိပြီး တနေ့ကို ခွေးချေး တန်ချိန် ၁၀၀၀ စွန့်ပစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခွေး အရေ အတွက် ၄ သန်းနီးပါးရှိတယ်လို့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ခန့်မှန်းပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နွားလိုကျွဲလို စီးပွားရေး အတွက် အရေးကြီးတဲ့ တိရစ္ဆာန်အရေ အတွက် ကိုတောင်မှ တိတိကျကျ စာရင်း မကောက်ယူနိုင်သေးပါဘူး။
ခွေးဓလေ့
"ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊ ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်" လို့ နွေဦးကာလမြူထသောအခါ အစချီတဲ့ ထန်းတက်သမား တျာချင်းထဲမှာ ဝန်ကြီးပဒေသရာဇာက ရေးခဲ့ဖူးပါတယ်။ လူနဲ့ခွေး အတူအမဲလိုက်၊ အတူအစားစားကြပုံကို ကွက်ကွက်ကွင်း မြင်အောင် ရေးခဲ့ပါတယ်။
လမ်းပေါ်ကခွေးလေခွေးလွင့်တွေရဲ့ဘဝကို စာနာချစ်ခင်လာအောင် ရေးဖွဲ့တဲ့ ချစ်လွန်းသူဆိုတဲ့ ရုပ်ပြဇာတ်လမ်းကိုတော့ ကာတွန်းသော်ကက ရေးသားခဲ့ပါတယ်။ ကာတွန်းသော်ကရဲ့ ဝေါ့ဒစ္စနေဆန်တဲ့ အဲဒီရုပ်ပြဟာ ခွေးလေခွေးလွင့်နဲ့ ပတ်သက်တဲ့ တခုတည်းသော မြန်မာ့စာပေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
လူနဲ့ခွေး အတူတူအနေကြာလာတဲ့အခါ ခွေးဟာ တဖြည်းဖြည်း ပိုပြီး ယဉ်ကျေးလိမ္မာ တတ်သိလာသလို လူနဲ့ခွေး သံယောဇဉ်ကလည်း ပိုကြီးလာပါတယ်။
တချို့အိမ်တွေမှာ ခွေးကို မိသားစုဝင် တယောက်လို ချစ်ခင်တွယ်တာ လာတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ ခွေးသားစားတဲ့ ဓလေ့ရှိကြပါတယ်။ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယားတို့မှာ အများအပြားတွေ့ ရပါတယ်။ မြန်မာ နိုင်ငံမှာလည်း ကျေးလက်တောရွာ တချို့မှာ ခွေးသား၊ ကြောင်သား စားသူတွေ ရှိပါတယ်။ ဒါပေမယ့် သိပ်တွင်တွင်ကျယ်ကျယ် မပေါများပါဘူး။ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယားတို့မှာလည်း ခွေးသားစားသူတွေ ရှိပေမယ့် ခွေးကို အသားစားဖို့အတွက် ရည်ရွယ်ပြီး စီးပွားဖြစ် အမြောက်အမြား မွေးမြူတာမျိုးတော့ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာတော့ ခွေးသားကို လူသိရှင်ကြား စျေးမှာ ကြေညာ ရောင်းချတာမျိုးတောင် မတွေ့ရပါဘူး။ ဆင်းရဲသူ၊ ဆင်းရဲသားများသာ ခွေးသားကို ချက်ပြုပ်စားသောက်တာမျိုးတွေ့ရပြီး ခွေးသားစားတဲ့သူကို ကဲ့ရဲ့ ရှုတ်ချသူလည်း အများအပြားရှိကြပါတယ်။ ခွေးသားကို ဆိတ်သားလို့ လိမ်လည် ရောင်းချတာမျိုး၊ ခွေးသားခြောက်ကို ဆိတ်သားခြောက်လို့ လိမ်လည် ရောင်းချတာမျိုး ရှိတယ်လို့ ပြောဆိုကြပေမယ့် ဒီလို ရောင်းချမှုမျိုးကို မရိုးဖြောင့် မသမာတဲ့ စီးပွားရေးလို့သာ သဘောထားလေ့ရှိပါတယ်။
ခွေးလေခွေးလွင့်ပြဿနာ
အိမ်မွေး တိရစ္ဆာန်အဖြစ်နဲ့ ခွေးမွေးမြူတာကို မှတ်ပုံတင် စည်းကမ်းသတ်မှတ်ပြီး စနစ်တကျ မမွေးမြူနိုင်တဲ့ နိုင်ငံအများအပြားမှာ ခွေးလေခွေးလွင့် ပြဿနာ ရင်ဆိုင်ကြရပါတယ်။
ခွေးကို မှတ်ပုံတင်ပြီး စနစ်တကျ မွေးမြူတဲ့ နိုင်ငံဟာလည်း အရေ အတွက် သိပ်မများလှတဲ့ အတွက် နိုင်ငံတော်တော်များများမှာ ခွေးလေခွေးလွင့် ပြဿနာ ရှိနေတာကို တွေ့ရပါတယ်။
ခွေးလေခွေးလွင့်ကြောင့် ဖြစ်ရတဲ့ ပြဿနာတွေထဲမှာ ထိပ်ဆုံးက ပြဿနာက ခွေးရူးရောဂါ ဖြစ်ပါတယ်။ ခွေးရူးရောဂါကြောင့် အသက်ဆုံးရတာဟာ ရန်ကုန်လို မြို့ကြီးကနေ ကျေးလက်တောရွာငယ်တွေ အထိရှိပါတယ်။
ခွေးရူးရောဂါ မရှိရင်တောင်မှ ခွေးလေခွေးလွင့် အကိုက်ခံရမှာကို စိုးရိမ်ရပါသေးတယ်။ ခွေးလေခွေးလွင့် အကိုက်ခံရရင်လည်း အဲဒီခွေးမှာ ခွေးရူးရောဂါ ရှိမရှိ သေသေချာချာ မသိနိုင်တဲ့အတွက် ခွေးရူးရောဂါ ကာကွယ် ဆေးထိုးရပါတယ်။
ခွေးလေခွေးလွင့်တွေကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်တတ်ပါတယ်။
ခွေးလေခွေးလွင့်တွေဟာ တခြား အိမ်မွေး တိရစ္ဆာန်တွေကို ကိုက်မှာလည်း စိုးရိမ်ရပါတယ်။
ခွေးလေခွေးလွင့်တွေဟာ စောင့်ရှောက်မယ့်သူ မရှိတဲ့ အတွက် ညစ်ပတ်ပြီး ရောဂါ ထူပြောနိုင်ပါတယ်။ အဲဒီ ခွေးလေခွေးလွင့်တွေကတဆင့် ရောဂါ ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။
ခွေးလေခွေးလွင့်တွေကြောင့် အမှိုက်ပုံ၊ အမှိုက်ပုံးတွေ ပျက်စီးစေနိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ပိုပြီး ညစ်ပတ်စေနိုင်ပါတယ်။
ခွေးလေ၊ ခွေးလွင့်တွေရဲ့ ဟောင်သံ၊ အူသံကြောင့် တိတ်ဆိတ်ငြိမ်သက်မှုကို ပျက်စီးစေနိုင်ပါတယ်။ မကျန်းမာသူတွေကို ထိတ်လန့်စေနိုင်ပါတယ်။
တိရစ္ဆာန်ချစ်သူတွေက ခွေးလေခွေးလွင့်တွေကို လမ်းဘေးမှာ အစာပုံကျွေးကြတာလည်း ရှိပါတယ်။ အဲသလို ကျွေးကြတာဟာ ခွေးလေခွေးလွင့်တွေကို အသက်ဆက်ပေးသလိုဖြစ်ပြီး အကောင်ရေ ပိုပွားလာကြပါတယ်။
ခွေးလေခွေးလွင့် ပြဿနာ ဖြေရှင်းကြပုံ
တချို့နိုင်ငံတွေမှာ ခွေးလေခွေးလွင့်တွေကို အဆိပ်ကျွေး သုတ်သင်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲသလို လုပ်ခဲ့ဖူးပါတယ်။ အိန္ဒိယ၊ လက်ဘနွန်၊ ပါကစ္စတန်၊ တူရကီ၊ အီဂျစ်တို့မှာလည်း အဆိပ်ကျွေး သုတ်သင်ကြပါတယ်။ သြစတြေးလျနိုင်ငံမှာတော့ မကြာခင်က ကြောင်ရိုင်းတွေကို အဆိပ်ကျွေးသုတ်သင်ခဲ့ပါတယ်။
တချို့နိုင်ငံတွေမှာ သေနတ်နဲ့ လိုက်ပစ်သတ်တာ ရှိပါတယ်။ ရုရှား၊ အိန္ဒိယ၊ မော်ရိုကို၊ တူနီးရှားနဲ့ နိုင်ငံတချို့မှာ လုပ်ခဲ့ကြဖူးပါတယ်။
ဒီလိုသုတ်သင်တဲ့နည်းကို ခွေးချစ်သူတွေက ကန့်ကွက်ကြပါတယ်။ လူအများအမြင်မှာ မတင့်တယ်တဲ့ စက်ဆုပ်စရာ မြင်ကွင်းမျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။
တချို့က လူသားဆန်ဆန် စာနာထောက်ထားတဲ့နည်းမျိုးနဲ့ ငြင်ငြင်သာသာ သုတ်သင်သတ်ဖြတ်တာမျိုးလည်း ပြုလုပ်ဖို့ ကြိုးစားကြပါတယ်။
တချို့က ခွေးတွေ မျိုးမပွားအောင် ဖမ်းဆီးပြီး သင်းကွပ်တဲ့နည်း အသုံးပြုပါတယ်။ တချို့က ခွေးတွေကို ဖမ်းဆီးပြီး ခွေးဂေဟာတွေ ဖွင့်လှစ်ပါတယ်။ ဒီနည်းတွေကလည်း အကုန်အကျများပြီး ပြဿနာ အမြစ်ပြတ်အောင် ဖြေရှင်းဖို့ ခက်တာ တွေ့ရပါတယ်။
တခြားနည်းလမ်းပေါင်းစုံအပြင်မှာ ပညာပေးတာ၊ ဥပဒေ ပြဋ္ဌာန်းပြီး စနစ်တကျ တာဝန်ယူ မွေးမြူတဲ့ အလေ့အထ ပျိုးထောင်ယူတာဟာ အကောင်းဆုံးနည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကောင်းတဲ့ ဥပဒေကိုပဲ ပြဋ္ဌာန်းပေမယ့် ဥပဒေကို တိတိကျကျ၊ အဂတိလိုက်စားမှု ကင်းကင်းနဲ့ ကျင့်သုံးမှု မရှိရင် အောင်မြင်ဖို့ အလွန်ခက်ခဲပါတယ်။
လူမှုရေး ပြဿနာ
တကယ်တော့ ခွေးလေခွေးလွင့် ပြဿနာဟာ ခွေးပြဿနာ သက်သက်မဟုတ်ဘဲ လူမှုရေး ပြဿနာ ဖြစ်ပါတယ်။ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ၊ ဥပဒေပြဿနာ၊ အဂတိလိုက်စားမှု ပြဿနာ၊ ဘာသာရေးပြဿနာ၊ ဆေးပညာ ပြဿနာ အားလုံးအကျုံးဝင်နေတာကို တွေ့မြင်ရပါတယ်။
နည်းလမ်းအားလုံးကို အသုံးပြုပြီး ရေရှည်ဇွဲကောင်းကောင်းနဲ့ ဖြေရှင်းရမယ့် ပြဿနာ မျိုးဖြစ်ပါတယ်။
လွယ်လင့်တကူ ဖြေရှင်းပြေလည်နိုင်မယ့် ပြဿနာ တခုမဟုတ်ပါဘူး။