ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပရီးမီးယားလိဂ်ရဲ့ အလွန်အမင်း နာမည်ကြီးသူအဖြစ် ပေါ့ပ်ဘာရွေးချယ်ခံရ
ဗြိတိန်နာမည်ကြီး The Sun သတင်းစာက ကလပ်အသင်း ပွဲတွေ ရပ်နားချိန် သူတို့ရဲ့ စာဖတ်သူ ဘောလုံးပရိသတ်တွေကို Poll လုပ်ပြီး ပရီးမီးယားလိဂ်ရဲ့ Overrated Player ကစားသမားကို ရွေးချယ်စေခဲ့ရာ မန်ချက်စတာယူနိုက်တက်ရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ပ်ဘာ ရွေးချယ်ခံခဲ့ရပါတယ်။
ပရိသတ် ၅သိန်းကျော်က မဲပေးတဲ့ အဲ့ဒီစာရင်းမှာ ပေါ့ပ်ဘာဟာ မဲပေးသူ ဘောလုံးပရိသတ်တွေရဲ့ ၂၂ရာခိုင်နှုးန်းနဲ့ အများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပ်ဘာဟာ ၂၀၁၆ခုနှစ်က ဂျူဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ကလပ် စံချိန်တင် ပေါင် ၈၉သန်းနဲ့ ပြောင်းလာပြီးနောက် ခြေစွမ်းပြ ကစားနေသူဖြစ်ပါတယ်။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပေါ့ပ်ဘာဟာ ဘောလုံး ကွင်းတွင်းထက် ကွင်းပြင်က ကိစ္စတွေကို ပိုပြီး အရေးပေးသလို၊ ဆိုရှယ် မီဒီယာတွေ ဖက်မှာ အချိန်ပိုပေးလေ့ရှိသူလို့ ဝေဖန်ခံနေရသူပါ။ ဘောလုံးပရိသတ်တွေကတော့ ပေါ့ပ်ဘာဟာ ခြေစွမ်းကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အလွန်အမင်း နာမည်ကြီးနေသူလို့ သတ်မှတ်ခဲ့လို့ မဲအများဆုံး ပေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ လီဗာပူးလ်ရဲ့ အီဂျစ် တောင်ပံကစားသမား ဆာလက ၁၉ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ ဆာလဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူးလ်နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုတွေကို ရယူနိုင်ခဲ့သူပါ။ ဒီနှစ်ရာသီအတွင်း အခွင့်အရေးတွေ ဖြုန်းတီးနေတဲ့ သူ့ကို တစ်ရာသီသာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ဒုတိယမဲအများဆုံး ပေးခဲ့တာ ဖြစ်ပါတယ်။ ဆာလ ဟာ မနှစ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုအပြင် အင်္ဂလန် ပြည်တွင်းက တစ်ဦးချင်းဆုတွေ အားလုံးကို ရခဲ့သလို ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုပါ ရခဲ့တာဟာ သူ့ရဲ့ ခြေစွမ်းထက် မီဒီယာတွေကြောင့်သာ ရခဲ့တာလို့ ပရိသတ်တွေက ဆိုပါတယ်။
ပေါ့ပ်ဘာ၊ ဆာလတို့ရဲ့ နောက်မှာတော့ အာဆင်နယ် ကွင်းလယ်လူ အိုးဇေးလ်က ရွေးချယ်ခံခဲ့ရပြီး စပါးရဲ့ အင်္ဂလန် ကွင်းလယ်လူ ဒယ်လီအာလီက အဆင့် ၄၊ မန်စီးတီးရဲ့ မားရက်ဇ်က အဆင့် ၅နေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ထိပ်ဆုံး ၁၀ဦးစာရင်းမှာတော့ စပါးဂိုးသမား ဟူဂို လိုရစ်၊ အဲဗာတန်ရဲ့ ယာရီ မီလ်နာ၊ ဖူလ်ဟမ်ရဲ့ ရိုင်ယန် ဆစ်ဆီညော်၊ ပဲလေ့စ်ရဲ့ ဇာဟာ၊ လီဗာပူးလ်ရဲ့ ဖာမီနိုတို့ ပါဝင်ကြပါတယ်။
ပရီးမီးယားလိဂ် Overrated Player ထိပ်ဆုံး ၁၀ဦး
၁) ပေါ့ပ်ဘာ ( မန်ယူ) - ၂၂ ရာခိုင်နှုန်း
၂) ဆာလ ( လီဗာပူးလ် ) - ၁၉ ရာခိုင်နှုန်း
၃) အိုဇေးလ် ( အာဆင်နယ်) - ၁၇ ရာခိုင်နှုန်း
၄) ဒယ်လီအာလီ ( စပါး) - ၁၄ ရာခိုင်နှုန်း
၅) မားရက်ဇ် ( မန်စီးတီး ) - ၆ ရာခိုင်နှုန်း
၆) ဟူဂို လိုရစ် ( စပါး) - ၅ ရာခိုင်နှုန်း
၇) ယာရီ မီလ်နာ ( အဲဗာတန် ) - ၄.၅ ရာခိုင်နှုန်း
၈) ရိုင်ယံ ဆက်ဆီညော် ( ဖူလ်ဟမ်) - ၄ ရာခိုင်နှုန်း
၉) ဇာဟာ ( ပဲလေ့စ်) - ၃.၅ ရာခိုင်နှုန်း
၁၀) ဖာမီနို ( လီဗာပူးလ်) - ၃ ရာခိုင်နှုန်း