ဖလော်ရီဒါ တောင်စွန်းက ကျွန်းစုကို ဟာရီကိန်းအာမာ ဝင်ရောက်

ရေးသားခဲ့သည်။

ဟာရီကိန်း မုန်တိုင်း အာမာ Irma ဟာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် တောင်ဘက်စွန်းက ကျွန်းတွေဆီ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြင်းအား အဆင့်၄ အဖြစ် သတ်မှတ် ထားတဲ့ ဟာရီကိန်း မုန်တိုင်း အာမာကြောင့် ကီးစ် လို့ခေါ်တဲ့ တောင်ဘက်စွန်း ကျွန်းစုမှာ တစ်နာရီကို မိုင် ၁၈၅ မိုင်နှုန်း အထိ လေပြင်း အဆက်မပြတ် တိုက်ခိုက်မယ် ဆိုပြီး ခန့်မှန်း ထားပါတယ်။

မုန်တိုင်းဗဟိုမှာ ကျရောက်နေတဲ့ ကီးစ်ကျွန်းစုတွေပေါ် ဟာရီကိန်း အရှိန်ဟာ ပိုပြီး ပြင်းထန်လာဖို့ ရှိပါတယ်။

မုန်တိုင်းကြောင့် အပျက်အစီး ကြီးမား နိုင်တယ်၊ အထူးသဖြင့် သစ်သားနဲ့ ဆောက်ထားတဲ့ အိမ်တွေ အတွက် စိုးရိမ်ရပြီး သစ်ပင်လဲတာတွေ၊ ဓာတ်အားလိုင်း ပြတ်တောက်တာတွေ ဖြစ်နိုင်တယ် လို့ အမေရိကန် မိုးလေဝသ ဌာနရဲ့ ထိပ်တန်း အရာရှိ တစ်ယောက် ဖြစ်တဲ့ ချစ်ပ် ကက်စ်ပါ က ဘီဘီစီကို ပြောပါတယ်။

အဲဒီ နောက်မှာတော့ ဟာရီကိန်း အာမာဟာ အနောက်မြောက်ဘက်ကို ရွေ့ပြီး ဖလော်ရီဒါ ပြည်နယ်ရဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်း တလျှောက် တိုက်ခိုက်လိမ့်မယ်လို့ ဆိုပါတယ်။

ဟာရီကိန်း အာမာ ဝင်ရောက်လာတဲ့ လမ်းကြောင်းတလျှောက် လူ့ အသက် အန္တရာယ် ဖြစ်နိုင်တဲ့ အထိ ဆိုးရွား နိုင်တာကြောင့် အခုဆိုရင် ဖလော်ရီဒါ ပြည်နယ်ထဲမှာ အာဏာပိုင်တွေက လူပေါင်း ၆ သန်းကျော်ကို မိမိတို့ အိုးအိမ်တွေကနေ စွန့်ခွာ ထွက်သွားကြဖို့ ပြောထားပါတယ်။

ဖလော်ရီဒါ တောင်ပိုင်းက သန္တာကျောက်တန်း ကျွန်းတချို့ဆိုရင် ပင်လယ် ရေမျက်နှာပြင်ထက် ပေအနည်းငယ်လောက်ပဲ မြင့်တဲ့ အတွက် အဲဒီ နေရာတွေက ဒေသခံတွေ အားလုံး မဖြစ်မနေ ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ မိုင်အာမီရဲ့ တောင်ဘက်ပိုင်း ကပ်လျက်မှာ ရှိတဲ့ ကိုရဲလ် ဂေဘယ်လ်မြို့မှာ ဆိုရင် မုန်တိုင်းကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတဲ့ ဒဏ် ကြုံတွေ့ နေရပြီ ဆိုပြီး အများပြည်သူ ဘေးအန္တရာယ် လုံခြုံရေး ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ Frank Fernandez က ဆိုပါတယ်။

ကိုရဲလ် ဂေဘယ်လ်မြို့မှာ ရေကြီးတာ တချို့ နေရာမှာဆိုရင် ၁ဝ ပေလောက်ထိ ရှိနေပါတယ်။

အာဏာပိုင်တွေ ဘက်က သတိပေးချက် ထုတ်ပြန် ထားပေမယ့် သတိ မထားမိသူတွေ မြေနိမ့်ပိုင်း အရပ်တွေမှာ ဆက်နေနေရင်တော့ အာဏာပိုင်တွေ ဘက်ကလည်း အဲဒီ နေရာတွေဆီ ကယ်ဆယ်ရေး အဖွဲ့တွေ ဆီ ရောက်အောင်ပို့ပေးဖို့ အင်မတန် ခက်နိုင်တယ် လို့လည်း Frank Fernandez က သူ့ရဲ့ စိုးရိမ်မှုကို ပြောပါတယ်။

ဟာရီကိန်း အာမာဟာ ကာရစ်ဘီယန် ကျွန်း တွေကို ဝင်ရာက်ပြီး ဖလော်ရီဒါထဲ ဝင်လာ ခဲ့တာပါ။

ကာရစ်ဘီယန်မှာတော့ အာမာ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၅ ယောက်ထိ အသက် ဆုံးရှုံး ခဲ့ရပါတယ်။