ပြင်သစ်-ဂျာမနီ စျေးကွက်တွေ စုပေါင်းဖို့ ပြင်သစ် သမ္မတ အကြံပြု

ရေးသားခဲ့သည်။

ပြင်သစ်သမ္မတ အေမန်နွဲ မက်ခရွန်းက ဥရောပသမဂ္ဂ အီးယူ အဖွဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရည်မှန်းချက်နဲ့ အမြင်တွေကို လူအများရှေ့ ချပြ ထုတ်ပြန် လာပါတယ်။

သမ္မတ မက်ခရွန်းရဲ့ အမြင်တွေထဲ ပြင်သစ်-ဂျာမနီ မဟာမိတ် ဆက်ဆံရေးက အဓိက နေရာမှာ ပါဝင် နေပြီး၊ အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်ဇစ် လုပ်ငန်းစဉ် ရှိနေပေမယ့်လည်း ဗြိတိန် နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်း ပြောဆို ထားပါတယ်။

သမ္မတ မက်ခရွန်းဟာ သူ့ရဲ့ ရည်မှန်းချက်တွေကို ပဲရစ်မြို့တော်က နာမည်ကျော် ဆိုဘွန်း တက္ကသိုလ်မှာ နှစ်နာရီကြာ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အီးယူရဲ့ လတ်တလော အခြေအနေဟာ သိပ်ပြီး အားနည်းလွန်းတယ်၊ နှေးကွေးပြီး အလုပ် မဖြစ်ဘူးလို့ သမ္မတ မက်ခရွန်းက ဆိုပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ စျေးကွက်တွေကို ၂ဝ၂၄ အမှီ လုံးဝ ပေါင်းစည်း လိုက်ဖို့နဲ့ ယူရို ငွေကြေး ဇုံထဲ ပါဝင်တဲ့ နိုင်ငံ အားလုံးမှာ ဘတ်ဂျက် အသုံးစားရိတ်ကို ဘုံထားရှိကြဖို့ သမ္မတ မက်ခရွန်းက အကြံပြု ပါတယ်။

ဒါ့အပြင် ဥရောပ ကာကွယ်ရေး တပ်ဖွဲ့ တည်ထောင် ထားရှိဖို့လည်း ပြင်သစ် သမ္မတက တိုက်တွန်း ခဲ့ပါတယ်။

ဂျာမနီ နိုင်ငံ ရွေးကောက်ပွဲ ပြီးဆုံးကာစ ညွန့်ပေါင်း အစိုးရသစ် ပုံမပေါ် ခင် သူ့ရဲ့ အမြင်တွေကို ချပြရတာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတက ဆိုပါတယ်။

သမ္မတ မက်ခရွန်းရဲ့ မိန့်ခွန်း အပေါ် ဂျာမနီ နိုင်ငံရေး အင်အားစု အသီးသီးက အမျိုးမျိုး အဖုံဖုံ တုံ့ပြန် နေပြီး၊ လက်ရှိ ဥရောပ ကော်မရှင် ဥက္ကဌ ယန်း ကလို့ဒ် ယွန်ကာကလည်း အင်မတန် ဥရောပဆန်တဲ့ မိန့်ခွန်းရယ်လို့ ချီးကျူး ပြောဆိုပါတယ်။