ကက်တလိုနီးယား လွတ်လပ်ရေး ကြေညာချက် လက်မှတ်ရေးထိုး

ရေးသားခဲ့သည်။

စပိန်နိုင်ငံ ဘာစလိုးနားမြို့က ကက်တလိုနီးယား ဒေသန္တရ ပါလီမန်မှာ ဒေသန္တရ အစိုးရ ခေါင်းဆောင် ကားလက်စ် ပူဂျဒမွန့်က ကက်တလိုနီးယား ဒေသ လွတ်လပ်ရေး ကြေညာချက်ကို လက်မှတ် ရေးထိုးလိုက်ပါတယ်။

ဒါပေမယ့်လည်း စပိန်နိုင်ငံကနေ ချက်ချင်း ခွဲထွက်ဖို့ လုပ်အုံးမှာ မဟုတ်သေးပဲ စပိန်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ အချိန်ပေးမယ်လို့ ပြောပါတယ်။

စပိန်အစိုးရနဲ့ သူတို့အကြား ကြားဝင် စေ့စပ်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အတွက် မစ္စတာ ပူဂျဒမွန့်က သီတင်းပတ် အတော်ကြာကြာ အချိန် ပေးထားပါတယ်။

စပိန် အစိုးရရဲ့ တုန့်ပြန်ချက်ကတော့ အတော့်ကို ရှင်းပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ မစ္စတာ ပူဂျဒမွန့်ရဲ့ ကမ်းလှမ်းချက်ကို လုံးဝ လက်မခံပဲ ပယ်ချလိုက်ပါတယ်။

ရှေ့ဆက် ဘာလုပ်မလဲဆိုတာကို ဆွေးနွေးဖို့ စပိန် ကက်ဘိနက် ဝန်ကြီးအဖွဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပမယ်လို့ စပိန် ဒုတိယ ဝန်ကြီးချုပ် ဆိုရာယာ ဆာယဲန်ဇ် ဒ ဆန်တာမာရီယာ က ပြောပါတယ်။

စပိန်အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မှုတွေ လုပ်မလဲ ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

ကက်တလိုနီးယား လွတ်လပ်ရေး တောင်းဆိုဖို့နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တပတ်ကျော်က ကျင်းပခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် အခု လက်မှတ်ထိုးခဲ့တဲ့ ဒီလွတ်လပ်ရေး ကြေညာချက်ဟာ တရားဝင်သလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

စပိန် တရားရေး ဝန်ကြီး ရာဖာယဲလ် ကက်တလာ ကတော့ ကက်တလိုနီးယား လွတ်လပ်ရေး ကြေညာချက်ကို သူ အတည်ပြုမပေးနိုင်ဘူးလို့ ပြောပါတယ်။

အစောပိုင်းတုန်းက မစ္စတာ ပူဂျဒမွန့်ရဲ့ မိန့်ခွန်းကို ကက်တလိုနီးယား ဒေသတဝန်း လူထောင်ပေါင်းများစွာ ရုပ်မြင်သံကြား မြင်ကွင်းကျယ်ကြီးတွေနဲ့ စောင့်နားထောင်ခဲ့ကြရာမှာ ကက်တလိုနီးယား ဒေသခွဲထွက်လိုသူတွေက သြဘာလက်ခုတ်တီး အားပေးခဲ့ကြပေမယ့် တချို့ကတော့ အော်ဟစ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။