မြောက်ကိုရီးယားနျူးကလီးယားဖျက်သိမ်းရေး တရုတ်မကူညီဘူးလို့ဆို

ရေးသားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ဟာ မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ်ဖျက်သိမ်းဖို့ အတွက် စိတ်ပါလက်ပါ ဖိအားပေးတာမျိုး မရှိဘူးလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သူ့ထုံးစံအတိုင်း တွစ်တာ အကောင့်ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။

သူရေးတာကို အတိအကျပြောရရင်တော့ တရုတ်နဲ့ ကုန်သွယ်ရေး အခြေအနေတင်းမာနေလို့ သူတို့ဟာ ကိုရီးယားနျူးကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အရင်တခါကလို ကူညီမယ် မထင်ဘူးလို့ ရေးထားတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ကတော့ တကယ့်အဖြစ်အပျက်ဟာ သူပြောတာနဲ့ ပြောင်းပြန်ပါပဲတဲ့။ တရုတ်ဟာ တကယ့်ကို စိုးရိမ်ပူပန်နေတာပါလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို မြောက်ကိုရီးယားသွားမယ့် ခရီးစဉ်ကိုလည်း သမ္မတထရမ့်က ကြာသပတေးနေ့တုန်းက ပယ်ဖျက်လိုက်ပါတယ်။

ပယ်ဖျက်ရတဲ့ အကြောင်းကတော့ ပြုံယမ်း နျူးကလီးယားစီမံကိန်း ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ တိုးတက်မှုမျိုး မတွေ့ရလို့လို့ သမ္မတထရမ့်က အကြောင်းပြပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ အမြင်ဟာ အပြောင်းအလဲ အတိုးအဆုတ်တွေရှိတယ်လို့ ဆိုရပါမယ်။ သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ စင်္ကာပူမှာ တွေ့ဆုံအပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြောက်ကိုရီးယားဟာ နျူးကလီးယား အန္တရာယ်ပေးမယ့် တိုင်းပြည်မဟုတ်တော့ဘူးလို့ သူပဲပြောခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဲဒီနောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နျူးကလီးယား စက်ရုံတွေကို ဖျက်သိမ်းဖို့ အတွက် ပျက်ကွက်ခဲ့တယ်ဆိုပြီး အနောက်နိုင်ငံတွေဘက်ကနေ အသံတွေထွက်လာခဲ့ကြပါတယ်။

နောက်ဆုံးအသံကတော့ အမည်မဖော်တဲ့ အမေရိကန်အရာရှိတယောက်က ဝါရှင်တန်ပို့စ် သတင်းစာကို ပြောလိုက်တာဖြစ်ပါတယ်။ သူပြောတာကတော့ မြောက်ကိုရီးယားဟာ နောက်ထပ် တိုက်ချင်းပစ် ဒုံးကျည်အသစ်တွေ ဆောက်လုပ်နေပုံရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ နျူးကလီးယားအေဂျင်စီဖြစ်တဲ့ အိုင်အေအီးအေ ကလည်း မြောက်ကိုရီးယားဟာ နျူးကလီးယားစီမံကိန်း ဆက်လုပ်နေတယ်လို့ စွပ်စွဲပါတယ်။

ဒီလိုအချိန်မှာ မြောက်ကိုရီးယားဘက်ကတော့ တရားဝင် ဘာသံမှ မကြားရဘဲ တောင်မြောက်ကိုရီးယားဆက်ဆံရေးကိုသာ အာရုံစိုက်နေတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၆၅ နှစ် တောင်မြောက် ကိုရီးယားစစ်ပွဲအပြီးကတည်းက မတွေ့ဆုံခဲ့ကြရတဲ့ ဆွေမျိုးတွေရဲ့ ပြန်လည် တွေ့ဆုံပွဲတွေ လုပ်ခဲ့ရာမှာ အလွန်စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတွေ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မိသားစု ၈၁ စုက ဆွေမျိုးတွေ ၃၂၆ ယောက် တွေ့ဆုံခဲ့ကြတယ်လို့ တောင်ကိုရီးယား ယွန်ဟပ်ပ် သတင်းအေဂျင်စီက သတင်းထုတ်ပါတယ်။

တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ မဟာမိတ်ပါ။ ရှားရှားပါးပါးမဟာမိတ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီတော့ တရုတ်က မြောက်ကိုရီးယား အပေါ်သြဇာရှိတယ်ဆိုတာတော့ အားလုံးလက်ခံကြတဲ့ အချက်ပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တရုတ်ခေါင်းဆောင် ရှီဂျင်းပင် ဆီကို ဒီနှစ်ထဲမှာတွင် အခေါက်ခေါက် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒေါ်နယ် ထရမ့်နဲ့ တွေ့ပြီးနောက်မကြာခင်မှာလည်း တခေါက်သွားခဲ့ပါသေးတယ်။

လက်ရှိအခြေအနေမှာတော့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာနေတာ ကလည်း အမှန်တကယ်ပဲဖြစ်ပါတယ်။ တရုတ်ဟာ အမေရိကန်ရဲ့ အင်အားအကြီး ဆုံး စီးပွားပြိုင်ဘက်ကြီးဖြစ်ပါတယ်။ သေနင်္ဂဗျူဟာ အရပြောရင်လည်း ရေရှည် ပြိုင်ဘက်ကြီး ဖြစ်ပါတယ်။ သူတို့နှစ်နိုင်ငံဟာ လောလောဆယ်မှာ ဘတပြန်ကျားတပြန် ကုန်သွယ်ခွန်တိုးမြှင့်ပြီး ကုန်သွယ် စစ်ပွဲဆင်နွှဲနေပါတယ်။

တရုတ်အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ကုန်သွယ်ရေးအရှုံးပြနေတာနဲ့ ပတ်သက်ပြီး ဒါဟာ တရားမျှတမှု မရှိတဲ့ ကုန်သွယ်ရေးပဲလို့ အမေရိကန်က အပြစ်ဆိုပါတယ်။ ကုန်သွယ်ရေး အရှုံးပြနေတယ်ဆိုတာက တရုတ်ရဲ့သွင်းကုန်နဲ့ တရုတ်ကိုပို့တဲ့တင်ပို့ကုန်နှိုင်းယှဉ်ရင် တရုတ်ဘက်ကသွင်းကုန်တွေက များနေတာကို ဆိုလိုတာဖြစ်ပါတယ်။ အဲသလို အပြစ်တင်ပြီး အမေရိကန်က တရုတ်ကုန်စည်တွေ အပေါ်အခွန်တိုးကောက်ပါတယ်။ တရုတ်ကလည်း အမေရိကန်ကုန်စည်အပေါ်အခွန်တိုးကောက်ပါတယ်။ အပြန်အလှန် တိုးလိုက်ကြတာဟာ နှစ်ဘက်စလုံးက ဒေါ်လာ ၅၀ ဘီလျံအပေါ်မှာ ၂၅ ရာနှုန်းစီ အခွန်တိုးပြီးသား ဖြစ်သွားပါတယ်။

အမေရိကန်ဘက်ကလည်း သူတို့ဘက်က စီးပွားရေးပိတ်ဆို့မှုတွေ မရုပ်သိမ်းခင်မှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားဆောင်ရွက်ချက်အားလုံးသတ်သွားတာကို မြင်ချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါတယ်။

ဒါပေမယ့် တရုတ်နဲ့ ကုန်သွယ်စစ်ပွဲကြောင့် မြောက်ကိုရီးယားရဲ့ နျူးကလီးယား ဖျက်သိမ်းရေးဟာ အထစ်အငေါ့တွေကြုံလာရမလားဆိုတာကိုတော့ အမေရိကန်ကိုယ်တိုင် မရေမရာဖြစ်နေပုံရပါတယ်။