ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယား သမ္မတ ပြုံယမ်း အားကစားကွင်းမှာ မိန့်ခွန်းပေး
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ မြောက်ကိုရီးယားက လူထု အားကစားပွဲကို တက်ပြီး မိန့်ခွန်းပြောတဲ့ ပထမဆုံး တောင်ကိုရီးယား ခေါင်းဆောင် ဖြစ်လာခဲ့ပါပြီ။ ပြုံယမ်းမြို့တော်မှာ စက်တင်ဘာလ ၁၉ ရက် ညနေက တက်ရောက်ခဲ့တာပါ။
သူတို့ နှစ်နိုင်ငံဟာ စစ်မဖြစ်ခင်ကလိုပဲ တနိုင်ငံထဲ ပြန်ဖြစ်သင့်ပြီလို့လည်း ၇ မိနစ်ကြာ မိန့်ခွန်းမှာ မွန်ဂျေအင်းက ပြောကြားခဲ့ပါတယ်။
သမ္မတ မွန်ရဲ့ သုံးရက် ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သမိုင်းဝင် သဘောတူညီမှု လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
အေရီယန်း အားကစားပွဲဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံး ဝါဒဖြန့်ပွဲကြီးတခု ဖြစ်ပါတယ်။
အင်မတန် လှပ ဆန်းပြားတဲ့ အကအခုန် ကျွမ်းဘားကွက်တွေနဲ့ ကိုရီးယား သမိုင်း ဒဏ္ဍာရီတွေကို ဖော်ကျူးတဲ့ ဒီပွဲကြီးကို လူ ထောင်သောင်းချီ ပါဝင်ကြပါတယ်။ ဒီနှစ်မှာတော့ မြောက်ကိုရီးယား နိုင်ငံ ထူထောင်တာ နှစ် ၇ဝ ပြည့် အခမ်းအနားပွဲကို ဆင်နွှဲနေကြပါတယ်။
ပြုံယမ်းက မေဒေး အားကစားရုံကြီးထဲကို ခေါင်းဆောင် နှစ်ယောက် ယှဉ်တွဲ ဝင်လာကြချိန်မှာ ကွင်းထဲမှာ ရှိတဲ့ လူ တသိန်းခွဲက မတ်တတ်ရပ်ပြီး ကြိုဆိုခဲ့ကြပါတယ်။
အနှစ် ၇ဝ ကြာအောင် ရန်စောင်ခဲ့ကြတဲ့ အတိတ်ကို လုံးဝ ပြည်ဖုံးကားချသင့်ပြီး ငြိမ်းချမ်းရေးကို ပြန်စသင့်ပြီလို့ မွန်ဂျေအင်းက သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားပါတယ်။ ဒီမိန့်ခွန်းက တောင်ကိုရီးယားမှာ တိုက်ရိုက်ထုတ်လွှင့်ပေမယ့် မြောက်ကိုရီးယားမှာတော့ မပြပါဘူး။
အနုမြူ လက်နက် ဖျက်သိမ်းရေး အကြောင်းကိုလည်း သူ့မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။ ဒီလက်နက်တွေကို လုံးဝဖျက်ဆီးပစ်ရမယ် လို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
ဒီမိန့်ခွန်းကို မြောက်ကိုရီးယား ပရိသတ်အတွက် သေချာ တိုင်းထွာပြီး ရေးထားတာလို့ ကိုရီးယားအရေး ကျွမ်းကျင်သူတယောက်က ဘီဘီစီကို ပြောကြားပါတယ်။
ဒီလို အားကစားပွဲနဲ့ တိုက်ဆိုင်ပြီး ပြောတာဟာ မြောက်ကိုရီးယားမှာ မွန်ဂျေအင်းကို ထောက်ခံမှုရအောင် ကြိုးစားတာမို့ ခုဆို သူ့ကို လူကြိုက်များမှုက တအားတက်လာပြီဆိုတာ ပြောရဲတယ် လို့လည်း သုံးသပ်သူ ပစိဖိတ်ဖိုရမ်က သုတေသီ အန်ဒရေ အဘရာဟာမီယံ က ပြောပါတယ်။
နှစ်ပေါင်းများစွာ မကျင်းပဖြစ်ခဲ့တဲ့ အေရီယန်း အားကစားပွဲကြီးဟာ မြောက်ကိုရီးယားရဲ့ ပြည်တွင်းဝါဒဖြန့်ချိရေးမှာ အရေးကြီးပါတယ်။ ညီညွတ်မှု၊ ခေါင်းဆောင်ရဲ့ ကြီးမြတ်မှုနဲ့ သမိုင်းကြောင်းတွေကို ဖော်ထုတ်တဲ့ ပွဲကြီးလည်း ဖြစ်ပါတယ်။
ဒီလိုပွဲတွေမှာ မြောက်ကိုရီးယား ကလေးငယ်တွေကို ထောင်ချီပြီး အတင်းတက်ခိုင်းတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက တောက်လျှောက် စွပ်စွဲလာခဲ့တာပါ။
ဒီလိုပွဲတွေမှာ ဖျော်ဖြေဖို့ ကလေးတွေကို လေ့ကျင့် သင်တန်းပေးတာတွေက သူတို့ကျန်းမာရေးနဲ့ မညီဘဲ တအားပြင်းထန်လွန်းတယ် ဆိုပြီး ၂ဝ၁၄ က ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေး ကိစ္စ စုံစမ်းတဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြထားပါတယ်။
ဒီပွဲတွေကို ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာကြည့်ကြပြီး ဒီလို ကလေးငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတိမမူကြဘူးလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်တဲ့အနေနဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဘက်ဒူးတောင်ထိပ်ကို တက်ခဲ့ကြပါတယ်။
ဒီတောင်ဟာ ကိုရီးယား သမိုင်း ဒဏ္ဍာရီမှာ ထင်ရှားပြီး တောင်ကိုရီးယား အမျိုးသား သီချင်းနဲ့ မြောက်ကိုရီးယား ဝါဒဖြန့်ချိရေးတွေမှာ ဒီတောင်အကြောင်းတွေ ပါရှိပါတယ်။
မွန်ဂျေအင်း မြောက်ကိုရီးယားက ပြန်ချိန် လေဆိပ်မှာ လိုက်ပို့သူတွေကို ဦးညွတ်နှုတ်ဆက်တာကလည်း အဲဒီနိုင်ငံထဲမှာ ဂယက်ရိုက် ကျန်ခဲ့ပါတယ်။
ဒီလို ခါးကို ကွေးညွတ်ပြီး နှုတ်ဆက်တာဟာ မြောက်ကိုရီးယားမှာ နိုင်ငံသားတွေက ခေါင်းဆောင်တွေကို နိုင်ငံသားတွေက နှုတ်ဆက်တာသာ ဖြစ်ပြီး ခေါင်းဆောင်တွေက နှုတ်ဆက်ရတာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ထွက်ပြေးလာသူ တယောက်က ဆိုပါတယ်။
ဒီလို လေးလေးနက်နက် နှုတ်ဆက်တဲ့အတွက် မြောက်ကိုရီးယား နိုင်ငံသားတွေ စိတ်မှာ စွဲကျန်ရစ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။