ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၂ ရာစုကတည်းက တည်ရှိခဲ့တဲ့ ပြင်သစ် နိုထရာဒမ်း ဝတ်ပြုကျောင်းကြီး မီးအကြီးအကျယ် လောင်နေ
ကမ္ဘာ့အထင်ကရ စာရင်းဝင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာရှိတဲ့ နိုထရာဒမ်း ဘုရားကျောင်းကြီးမှာ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းကတည်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၂ ရာစုက စလို့ တည်ရှိခဲ့တဲ့ ဘုရားကျောင်းကြီးရဲ့ ပင်မမျှော်စင်ကြီးဟာ မီးဒဏ်ကြောင့်ပြိုကျသွားပြီ ဖြစ်ပါတယ်။
အထူးသဖြစ် ဘုရားရှိခိုးကျောင်းရဲ့ ခေါင်ပိုင်းဆောင် ပြိုကျခဲ့ပြီး ဘုရားကျောင်းထဲက အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေကို သယ်ထုတ်ထိန်းသိမ်းနိုင်ဖို့ မီးသတ်သမားတွေဟာ ညလုံးပေါက် အကြိတ်အနယ် ကြိုးစားငြှိမ်းသတ်နေကြပါတယ်။
ဝတ်ပြုကျောင်းအရှေ့ဘက်က မျှော်စင် ၂ ခုကိုတော့ မီးမကူးတော့ဘူးဆိုပေမယ့် လူအများကတော့ မီးလျှံတွေဟာ အတွင်းပိုင်းကို ကူးစက်ခဲ့ရင် အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာလက်ရာတွေ ပျက်စီးကုန်မှာကို စိုးရိမ်နေကြပါတယ်။
မီးသတ်သမားတွေဟာ ကြိုးစားပမ်းစားငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမယ့် မီးတောက်ကို မနိုင်ပဲ ဖြစ်နေခဲ့ပြီး မီးသတ်သမား တစ်ယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။
အခုတော့ နှစ်ပေါင်း ၈၀၀ ကျော် အဆောက်အအုံကြီးရဲ့ အဓိက ကျောက်ဆောင်ကျောက်ခဲ အုတ်မြစ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
လတ်တလောမှာ မီးလောင်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ဘုရားကျောင်းထဲမှာ ပြုလုပ်နေတဲ့ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေနိုင်လိမ့်မယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။
မီးလောင်မှု မဖြစ်ခင် ရက်ပိုင်းက ဘုရားကျောင်းထဲက ရုပ်တုတွေကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေခဲ့တာပါ။ အခု မီးကလည်း အဲဒီ ပြုပြင်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ပြင်သစ်အရာရှိ တချို့က ပြောပါတယ်။
မီးလောင်နေတဲ့ ဘုရားကျောင်းကြီးနားမှာတော့ ပြင်သစ်ပြည်သူ အများအပြား လာရောက်စုဝေးကြည့်ရှုခဲ့ကြပြီး တော်တော်များများကလည်း ဝမ်းနည်းပက်လက် ငိုယိုနေခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းကိုယ်တိုင် လာရောက်ကြည့်ရှုရင်း မီးလောင်နေတဲ့ အခင်းအကျင်းဟာ ပြင်သစ်ပြည်သူတွေကိုယ်တိုင် လောင်ကျွမ်းခံရသလို ဖြစ်တဲ့အကြောင်း ဝမ်းနည်းစကား ဆိုသွားပါတယ်။
'ပဲရစ်မှာ နိုထရာဒမ်း ဝတ်ကျောင်းတော်ကြီး မီးလောင်ခံရတာဟာ အင်မတန် ကြေကွဲစရာပါ၊ မီးသတ်သမား ၅၀၀ ကျော်ဟာ မီးငြှိမ်းသတ်နိုင်အောင် ကြိုးပမ်းခဲ့ကြတာကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်၊ ဒီမီးကို နောက်ထပ် နာရီပေါင်းများစွာ ငြှိမ်းသတ်ရဦးမှာပါ' လို့ သမ္မတ မက်ခရွန်းက ပြောပါတယ်။
သန်းနဲ့ချီတဲ့ ပြည်ပခရီးသွားတွေဟာ နှစ်စဉ်လို နိုထရာဒမ်း ဝတ်ကျောင်းတော်ကြီးကို လာရောက်ကြည့်ရှုလေ့လာရခြင်းကလည်း စာရေးဆရာကြီး ဗစ်တာဟူးဂိုး ရဲ့ နာမည်ကျော် ခါးကုန်းကြီး ဝတ္ထုနဲ့ အသွင်ပြောင်းရုပ်ရှင်ကို စွဲလမ်းနေဆဲမို့လည်း ဖြစ်ပါတယ်။
အခုလို နိုထရာဒမ်း ဝတ်ကျောင်းတော်ကြီး မီးလောင်တဲ့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်နန်းတော်ကလည်း ဝမ်းနည်းကြေကွဲကြောင်း ပြောသလို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း ပြင်သစ်ပြည်သူတွေလည်း ထပ်တူခံစားရပါတယ် လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ မီးလောင်နေတဲ့ မြင်ကွင်းဟာ မကြည့်ရက်စရာ လို့ ပြောပါတယ်။
ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာမာကယ်ကလည်း ပြင်သစ်ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြောပြီး နိုထရာဒမ်း ဘုရားကျောင်းကြီးဟာ ပြင်သစ်နဲ့ ဥရောပ ယဉ်ကျေးမှုရဲ့ သင်္ကေတပြယုဂ်ကြီးတစ်ခုပါပဲလို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေး ယူနက်စကိုအဖွဲ့ ကတော့ နိုထရာဒမ်း ဝတ်ကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ထိန်းသိမ်းပြုပြင်တဲ့အပိုင်းမှာ ပြင်သစ်နိုင်ငံနဲ့ ပူးပေါင်းမယ့် အကြောင်း ပြောပါတယ်။