အိန္ဒိယအရှေ့ကမ်းရိုးတန်းကို ဖန်နီဆိုင်ကလုန်း ဝင်တိုက်ဖို့ရှိ

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ ဆိုင်ကလုန်း မုန်တိုင်း ဝင်လာမယ့် အရှေ့ဖက် ကမ်းရိုးတန်းတလျှောက်က ရွာတွေမှာ လူထောင်နဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

ဖန်နီ ဆိုင်ကလုန်းမုန်တိုင်းဟာ သြရိသ ပြည်နယ်ကို တနာရီ ကီလိုမီတာ ၂၀၀ နှုန်းနဲ့ ဦးတည်နေပြီး မေလ ၄ ရက် သောကြာနေ့မှာ မုန်တိုင်း ဝင်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုအခါ အရှေ့ကမ်းရိုးတန်းပေါ်က ဆိပ်ကမ်းကြီး နှစ်ခုမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ပြီး မြေနိမ့်ပိုင်း နေရာတွေက လူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးဖို့ ကယ်ဆယ်ရေး ဝန်ထမ်း ထောင်ပေါင်းများစွာ ကူညီဆောင်ရွက်နေပါတယ်။

အန်ဒရာ ပရာဒက်ရှ်နဲ့ တမီလ် နာဒူး ပြည်နယ်တွေမှာ အခုအခါ အထူး သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

လူ ၈ သိန်း လောက် ဘေးကင်းရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ အိန္ဒိယ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေက ဘီဘီစီ ဟင်ဒီဌာနကို ပြောပြပါတယ်။ အဲဒီထဲက တစ်သိန်းလောက်ဟာ မုန်တိုင်းဒဏ် အများဆုံး ခံရနိုင်တယ်လို့ ခန့်မှန်းထားတဲ့ သြရိသပြည်နယ် ပူရီမြို့က ဖြစ်ကြပါတယ်။ မုန်တိုင်းကြောင့် ပူရီမြို့က နှစ်ပေါင်း ၈၅၈ နှစ် သက်တမ်းရှိတဲ့ ဂျာဂါနက်သ် ဟိန္ဒူဘုရားကျောင်း အဆောက်အအုံကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိုင်မှာကို တာဝန်ရှိပုဂ္ဂိုလ်တွေက စိုးရိမ်နေကြပါတယ်။

ဒီအတောအတွင်း သြရိသပြည်နယ်မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေအားလုံး ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဖန်နီ ဆိုင်ကလုန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အိန္ဒိယနိုင်ငံ အရှေ့ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မုန်တိုင်း ဖြစ်ပါလိမ့်မယ်။

၂၀၁၇ ခုနှစ်တုန်းက အော့ခီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနှစ်ရာကျော် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း သြရိသပြည်နယ်မှာ နောက်ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ထပ်တိုက်ခဲ့တဲ့အတွက် လူသိန်းပေါင်းများစွာကို အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဘယ်နေရာတွေမှာ ဆိုင်ကလုန်းဒဏ် ခံရနိုင်သလဲ

ဖန်နီ ဆိုင်ကလုန်းမုန်တိုင်းဟာ အန်ဒရာ ပရာဒက်ရှ်ပြည်နယ် အရှေ့ပိုင်း ဘင်္ဂလား ပင်လယ်အော်ဖက်ကို လောလောဆယ် ဦးတည်သွားနေပါတယ်။

အနည်းဆုံး ခရိုင် ၁၁ ခုကို မုန်တိုင်းဝင်ဖို့ ရှိပြီး လူတွေကို အိမ်ထဲမှာ နေကြဖို့ နှိုးဆော်ထားတယ်လို့ သြရိသ ပြည်နယ် ဘူဘာနီရွှာ မြို့တော်မှာ ရှိတဲ့ အိန္ဒိယ မိုးလေဝသနဲ့ ဇလဗေဒ ဌာန ညွှန်ကြားရေးမှူး အိပ်ချ်အာရ် ဘစ်စ်ဝက်စ်က ပြောပါတယ်။

အခြေအနေက ထူးထူးခြားခြား ဆိုးဝါးတဲ့အတွက် ကျန်တဲ့ အရှေ့ကမ်းရိုးတန်း ဒေသတလျှောက်က လူတွေ အထူးသဖြင့် ငါးဖမ်းသမားတွေကို ပင်လယ်ထဲ မထွက်ကြဖို့ အိန္ဒိယ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ကလည်း သတိပေးထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် သက်ကယ်တဲတွေ လုံးဝပြိုပျက်သွားနိုင်သလို တခြား အဆောက်အအုံတွေလည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်တိုက်ပြီးပြီ ဆိုရင်တော့ မုန်တိုင်း အားပေျာ့သွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်ထဲ စနေနေ့မှာ ဦးတည် ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ရိုဟင်ဂျာ သိန်းနဲ့ချီ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေ ရှိရာ ကော့ဆက်ဘဇား ဆိပ်ကမ်းမြို့မှာလည်း သတိပေး နှိုးဆော်မှုတွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လက်ရှိ ခန့်မှန်းထားတဲ့ လမ်းကြောင်းအရတော့ ဒုက္ခသည်စခန်းတွေကို မုန်တိုင်း ဝင်မယ့်ပုံ မရှိပါဘူး။

ဖေဖော်ဝါရီလတုန်းက နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့က အဲဒီဒေသမှာ ဆိုင်ကလုန်း ရာသီ မတိုင်ခင် တင်ကြိုပြီး ရွက်ဖျင်တဲ အမိုးအကာတွေ အတွက် တာပေါ်လင်တွေ စတင် ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြင်းထန်တဲ့ မုန်တိုင်း ဝင်လာမယ် ဆိုရင်တော့ ယာယီတဲတွေ ခံနိုင်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ မုန်တိုင်းဒဏ်ကို ကာကွယ်ဖို့ ဘယ်လို ပြင်ဆင်ထားသလဲ

အိန္ဒိယအစိုးရက လူတစ်သန်းနီးပါး ခိုလှုံနိုင်တဲ့ ယာယီခိုလှုံရေး စခန်း ၈၅၀ ကျော် ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။

အိန္ဒိယ ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း မုန်တိုင်းသင့် ဒေသတွေဆီ စေလွှတ်ဖို့ အသင့်ပြင်ထားပါတယ်။ ဒါ့အပြင် ရေငုပ်သမားတွေနဲ့ ဆရာဝန်တွေ ပါတဲ့ သင်္ဘော နှစ်စင်းကိုလည်း နိုင်ငံတောင်ပိုင်း ဗီရှာကာပက်နမ်နဲ့ ချန်နိုင်း ဆိပ်ကမ်းမြို့တွေမှာ ကျောက်ချ ရပ်နားထားတယ်လို့ အစိုးရ တာ၀န်ရှိ ပုဂ္ဂိုလ် တစ်ဦးက ဒေသခံ သတင်းမီဒီယာတွေကို ပြောပြပါတယ်။

ကမ်းခြေမြို့တွေဆီ အသွားအပြန် ပြေးဆွဲနေတဲ့ ရထား ၈၁ စင်းကို ဆိုင်းငံ့ထားလိုက်တယ်လို့ ဒေသခံ သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်အောင် အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း အစိုးရ လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့်နဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ လျှော့ချပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ရွေးကောက်ပွဲကို အဆင့်ဆင့် ကျင်းပနေရာမှာ အခုအခါ ရွေးကောက်ပွဲ ကြားကာလကို ရောက်နေပြီ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဆိုရင် သက်တမ်း ကုန်ဆုံးတော့မယ့် အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကာလအတွင်း စီမံကိန်းသစ်တွေ ထုတ်ဖော် ကြေညာတာမျိုး ဒါမှမဟုတ် ဆုံးဖြတ်ချက် အသစ်တွေ ချမှတ်တာမျိုးလို လုပ်ပိုင်ခွင့် တချို့ကို ရပ်နားထားရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေကို မေလကုန်အထိ ဆက်ကျင်းပသွားမှာ ဖြစ်ပေမယ့် သြရိသ ပြည်နယ်မှာတော့ မဲထည့်ဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။