ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်လုဗ်ပြတိုက် ဗိသုကာ အသက် ၁၀၂ နှစ် မှာ ကွယ်လွန်
ပြင်သစ်နိုင်ငံက ထင်ရှားတဲ့ ဖန်သား ပိရမစ်ပုံ လုဗ်ပြတိုက် အပါအဝင် နိုင်ငံတကာမှာ ထင်ရှားတဲ့ အဆောက်အုံတချို့ရဲ့ အဆောက်အအုံ ဗိသုကာ ပညာရှင် အီယို မင်းပိုင်ဟာ အသက် ၁၀၂ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ အမေရိကန်နိုင်ငံက သူ့အိမ်မှာ မေလ ၁၆ ရက်မှာကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ လက်ရာတွေက ဂျီသြမေတြီ ပညာရပ်ပိုင်းဆိုင်ရာ၊ မြေညီ မျက်နှာပြင်နဲ့ အလင်းရောင်တွေ အပေါ်မှာ အလေးအနက်ထားမှုအတွက် ထင်ရှားပါတယ်။
သူဟာ အသက်ကြီးတဲ့ အထိ အလုပ်တွေ ဆက်လုပ်နေခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ ကာတာနိုင်ငံ ဒိုဟာမှာ ရှိတဲ့ အစ္စလမ္မစ် အနုပညာပြတိုက်ကို အသက် ၈၀ ကျော် အရွယ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
သူ့ကို တရုတ်နိုင်ငံ ကွမ်ကျိုးမှာ ၁၉၁၇ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီး အမ်အိုင်တီနဲ့ ဟားဗတ်တက္ကသိုလ်တို့မှာ ပညာသင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ အမေရိကန် အစိုးရအတွက် သုတေသီအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ဗိသုကာ အလုပ်ကို ဆက်လုပ်ခဲ့ပါတယ်။ ၁၉၅၅ မှာတော့ ကိုယ်ပိုင် လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။
၂၀ ရာစု အထင်ရှားဆုံး ဗိသုကာ တစ်ဦးဖြစ်တဲ့ သူ့ရဲ့လက်ရာတွေထဲမှာ အစိုးရ အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေနဲ့ မြောက်အမေရိက၊ အာရှနဲ့ ဥရောပက အဆောက်အအုံတွေ ပါဝင်ပါတယ်။
သူ့ရဲ့ ဖန်တီးမှုတွေဟာ ကုဗပုံကို အခြေခံတဲ့ ခေတ်ဆန်တဲ့ ဖန်တီးမှုတွေလို့ သတ်မှတ်ခံရပါတယ်။ အစ္စလာမ္မစ် ဗိသုကာပညာရပ်ကို သူရဲ့သဘောကျမှုက သူ့ရဲ့အဲဒီ လက်ရာတွေကို လွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဆောက်အအုံတွေကို မှန်တွေ၊ သံမဏိတွေနဲ့ ကွန်ကရစ်တွေ ပေါင်းပြီး တည်ဆောက်တာကို သဘောကျသူ ဖြစ်ပါတယ်။
သူ့ရဲ့ ပိရမစ်ပုံ လုဗ်ပြတိုက်လက်ရာက အငြင်းအခုံတွေလည်း ဖြစ်စေခဲ့ပါတယ်။ အဲဒီ မှန်တွေနဲ့တည်ဆောက်ထားတဲ့ အဆောက်အုံဟာ ၁၉၈၉ ခုနှစ်မှာ တည်ဆောက်ပြီးခဲ့ပြီး အခုအခါမှာ ပြင်သစ်ရဲ့ အထင်ရှားဆုံး အမှတ်အသား တစ်ခု ဖြစ်နေပါပြီ။
သူဟာ သူရဲ့လက်ရာတွေအတွက် ဆုတွေလည်း ရရှိခဲ့ပြီး သူရတဲ့ ဆုငွေ အမေရိကန် ဒေါ်လာ တစ်သိန်းကို တရုတ်ကျောင်းသားတွေ အမေရိကန်မှာ ဗိသုကာ ပညာသင်ကြားနိုင်ဖို့ ပညာသင်ဆု ရန်ပုံငွေ တည်ထောင်ပေးခဲ့ပါတယ်။