ဂမ်ဘီယာသမ္မတသစ် ဆီနီဂေါမှာ ကျမ်းသစ္စာဆို

ဓာတ်ပုံ ရင်းမြစ်, RTS
ဂမ်ဘီယာနိုင်ငံမှာ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတလောင်း ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုဖို့ ရှိပေမယ့် ရှုံးသွားတဲ့ သမ္မတယာယာဂျမ်မာက ရာထူးက ဆင်းမပေးပဲ ရှိနေပါတယ်။
ဒါကြောင့် အနိုင်ရ သမ္မတလောင်း အဒမ်ဘာရိုးကတော့ သူ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီညနေမှာ အိမ်နီးချင်း ဆီနီဂေါမြို့တော် ဒက်ကာက ဂမ်ဘီယာသံရုံးမှာ လုပ်ခဲ့ရပါတယ်။
သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ မစ္စတာ ဘာရိုးက အနောက်အာဖရိက နိုင်ငံများအဖွဲ့ အီကိုဝပ်စ်နဲ့ ကုလသမဂ္ဂတို့ကို ရွေးကောက်ပွဲမှာ ဂမ်ဘီယာပြည်သူတွေ ထုတ်ဖော်ပြခဲ့တဲ့ ဆန္ဒကို အကောင်အထည်ပေါ်အောင် အကူအညီပေးကြဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။
သူက ဂမ်ဘီယာတပ်ဖွဲ့ဝင်တွေကို စစ်တန်းလျားပြန်ကြဖို့ တိုက်တွန်းခဲ့ပြီး မပြန်တဲ့သူတွေကို ပုန်ကန်သူအဖြစ် သတ်မှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။
အနောက်အာဖရိက နိုင်ငံများအဖွဲ့ အီကိုဝပ်စ်က စစ်တပ်တွေနဲ့ ဝင်ရှင်းမယ်လို့ သတိပေးထားပေမယ့်လည်း မစ္စတာဂျမ်မာက သမ္မတအိမ်တော်ဝင်းထဲက မထွက်ပေးပဲ နေနပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မစ္စတာဂျမ်မာ မထွက်ခွာရင် အနောက်အာဖရိက တပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်အရေးယူတာကို ထောက်ခံမယ့် ဆုံးဖြတ်ချက် မကြာခင်ချမှတ်ဖို့ ရှိနေပါတယ်။
ဆီနီဂေါစစ်သားတွေနယ်စပ်ကို ဖြတ်ကျော်ဝင်လာပြီး ဂမ်ဘီယာစစ်သားတွေရဲ့ အကူအညီနဲ့ မြို့တချို့ကို စသိမ်းနေပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။















