ရခိုင်မှာ ဖမ်းဆီးခဲ့သူတွေထဲက ၁၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ တပ်မတော်ပြောတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, EPA
(၁) ရခိုင်မှာ ဖမ်းဆီးခဲ့သူတွေထဲက ၁၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ တပ်မတော်ပြော
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာမှာ ဖမ်းခဲ့တဲ့ ၁၇၅ ဦးထဲမှာ ၁၂၆ ဦးကို လွှတ်ပေးခဲ့ပြီး သေဆုံးသူ ၆ ဦးကိုတော့ မိသားစုတွေဆီကို ပြန်လည်အပ်နှံခဲ့တယ်လို့ နေပြည်တော်မှာ မေလ ၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ဒီထဲက ကျန်တဲ့သူတွေကိုတော့ ပဏမ စစ်ဆေးချက်တွေအရ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သတ်သူတွေဖြစ်လို့ မေးမြန်းမှုတွေ ဆက်လုပ်နေပြီး AA အဖွဲ့ဝင်တွေ၊ AA အမာခံတွေကို လုပ်ထုံးလုပ်နည်းအတိုင်း အမှုဖွင့်အရေးယူသွားမယ်လို့လည်း ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားစဉ် သူတိုတွေဟာ လုံခြုံရေးတပ်ဖွဲ့ထံက သေနတ်ဝင်လုခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရပြီး ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာဟာ ၅ လ ကျော်ကြာမြင့် နေပြီး စစ်ပြေးဒုက္ခသည်အရေအတွက်ကလည်း ၂ သောင်းကျော် ရှိလာနေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပြန်လည်အေးချမ်းဖို့နဲ့ ပတ်သတ်လို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဘီဘီစီကို ဖြေကြားတဲ့အခါမှာတော့ တပ်မတော်အနေနဲ့ အဖြူရောင်နယ်မြေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို လုံခြုံရေးအာမခံချက်ရတဲ့အထိ ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းက အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင် KIA၊ ရခိုင် AA၊ ပလောင် TNLA၊ ကိုးကန့် MNDAA ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုထားတဲ့ ပဏမ အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ပြောဆိုဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။
(၂) မြောက်ကိုရီးယားမှာ တာတိုပစ်ဒုံးလက်နက်တွေ စမ်းသပ်ပစ်ခတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဖက် ဟိုဒိုကျွန်းဆွယ်ကနေ တာတိုပစ် ဒုံးလက်နက်တွေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ထုတ်ဖော်ပြောလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာတုန်းက မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးလက်နက်တွေ စမ်းသပ်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် ဒုံးလက်နက်ကို ပြန်လည်စမ်းသပ်တာဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ တွေ့ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲဟာလည်း သဘောတူညီချက် တစုံတရာမရဘဲ ပြီးဆုံးခဲ့တာပါ။
ဒါ့အပြင် မြောက်ကိုရီးယားဟာ ဆယ်စုနှစ်အတွင်း သီးနှံထွက်အနည်းဆုံးဖြစ်ခဲ့ပြီး လူ ၁၀ သန်းကျော်အတွက် စားနပ်ရိက္ခာပြတ်လပ်မှု အကြီးမားဆုံး ရင်ဆိုင်နေရတယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂက မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ရာသီဥတုပူပြင်းပြီး အပူလှိုင်းရိုက်ခတ်တာ၊ ရေလွှမ်းတာတွေကြောင့် လယ်ယာသီးနှံအထွက်နည်းရပြီးတော့ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၄၀ % လောက်ဖြစ်တဲ့ လူ ၁၀ သန်းလောက်ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာမှုက ဆိုပါတယ်။
(၃) ဖန်နီမုန်တိုင်းကြောင့် အိန္ဒိယမှာ လူသေဆုံးမှုတွေရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
မေလ ၃ ရက်နေ့က ဖန်နီဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ သြရိသ Odisha ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယက အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ကာလကတ္တားမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ဒီဆိုင်ကလုန်းမုန်တိုင်းဟာ အားပျော့သွားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ဦးတည်ရွေ့လျားနေပါတယ်။
မုန်တိုင်းကြောင့် Odisha ပြည်နယ်မှာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီးတော့ အဆောက်အအုံတွေ အကြီးအကျယ်ပျက်စီးသွားကာ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ တယ်လီဖုန်းတွေလည်း အဆက်အသွယ် ပြတ်သွားပါတယ်။
ဒါပေမဲ့ မုန်တိုင်းမတိုင်ခင် လူ ၁ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့တာက အောင်မြင်ခဲ့ပုံရတယ်လို့ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောပါတယ်။
အခုတော့ ကျေးလက်ဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေကို အာဏာပိုင်တွေ စပြီးတော့ စိစစ်နေကြပါတယ်။
အိန္ဒိယသဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ပရာဟန်က 'မုန်တိုင်းကြောင့် ပျက်စီးမှုတွေ စိစစ်နေဆဲ ဖြစ်ပါတယ်၊ လေတိုက်နှုန်းကတော့ စပြီးတော့ လျော့လာနေပေမယ့် တစ်နာရီ မိုင် ၇၀၊ ၈၀ လောက် ရှိနေပါသေးတယ်၊ ပျက်စီးမှုတွေကို သိမှ ကယ်ထားတဲ့သူတွေကို နေအိမ်တွေပြန်ပို့ဖို့ ဆုံးဖြတ်ရမှာ ဖြစ်တယ်' လို့ ပြောပါတယ်။
(၄) ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ထောင်ချီရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အခုနောက်ဆုံး အီဘိုလာဗိုင်းရက်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ၁ ထောင်ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ရောဂါကူးစက်ပျံ့ပွားတာကို တားဆီးဖို့ အဟန့်အတားဖြစ်နေရတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားတာပါ။
ကွန်ဂိုအရှေ့ပိုင်းမှာ သူပုန်အဖွဲ့တော်တော်များများ လှုပ်ရှားနေပြီး သူတို့က ကျန်းမာရေးလုပ်သားတွေအပေါ် အတော်ကို အယုံအကြည်မရှိကြဘူးလို့ ဆိုပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဆိုတာကိုလည်း တချို့က အခုထိ လက်မခံကြသေးသလိုလောလောဆယ်လတွေအတွင်းမှာလည်း ဆေးကုဌာနအတော်များများ တိုက်ခိုက်ခံခဲ့ရပါတယ်။


















