ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဟိန္နူဒုက္ခသည်တွေ ပြည်တွင်းကို ပြန်ချင်နေကြတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ကူတူပါလောင် ဒုက္ခသည်စခန်းက ဟိန္နူဒုက္ခသည်များ
ဓာတ်ပုံ ပုံစာ, ကူတူပါလောင် ဒုက္ခသည်စခန်းက ဟိန္နူဒုက္ခသည်များ
ရေးသားခဲ့သည်။

(၁) ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဟိန္နူဒုက္ခသည်တွေ ပြည်တွင်းကို ပြန်လိုကြ

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ဟိန္နူဒုက္ခသည် ၄၀၀ ကျော်ဟာ ပြည်တွင်းကို ပြန်လာဖို့ ဆန္ဒရှိနေကြပြီလို့ ဘင်္ဂလားဒေ့ရှ် ကူတူပါလောင် ဒုက္ခသည်စခန်းက ဟိန္နူခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူတို့တွေဟာ ဇူလိုင်လ ၂၈ ရက်နေ့က ကူတူပါလောင်စခန်းကို သွားရောက်ခဲ့တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့စဉ်မှာလည်း ဒီအကြောင်း တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ သူတို့တွေကို စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြန်လို့ရမယ်ဆိုတာကို ပြောခဲ့တယ်လို့ ဟိန္နူခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဟိန္နူဒုက္ခသည် မိသားစု ၁၆၀ ကျော်မှာ လူဦးရေ ၄၀၀ ကျော် ရှိပါတယ်။

"သူတို့တွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ အခက်ခဲရှိနေပြီး မြန်မာနိုင်ငံထဲကို အမြန်ပြန်ချင်ကြပြီလို့"လည်း ဟိန္နူခေါင်းဆောင်က ဆက်ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ကုလသမဂ္ဂစာရင်းတွေအရ ၇ သိန်းကျော်ရှိနေပြီး အဲ့ဒီထဲက မြန်မာနိုင်ငံကို ပထမဆုံးပြန်ကြမယ့် လူပေါင်း ၂၅၀၀၀ စာရင်းကို မြန်မာအစိုးရကို လွှဲပေးထားတယ်လို့လည်း သိရပါတယ်။

(၂) ရုရှား၊ တရုတ် တို့နဲ့ နျူကလီးယားစာချုပ်သစ် ချုပ်ဆိုဖို့ အမေရိကန်ဆန္ဒရှိ

မီဒီယာတွေရဲ့အမေးကို ဖြေကြားနေတဲ့ သမ္မတရမ့်
ဓာတ်ပုံ ပုံစာ, မီဒီယာတွေရဲ့အမေးကို ဖြေကြားနေတဲ့ သမ္မတရမ့်

အမေရိကန်ဟာ ရုရှားနဲ့ နျူကလီးယား လက်နက်စာချုပ်ကနေ တရားဝင်နုတ်ထွက်ပြီးတဲ့နောက် အခုတော့ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ နျူကလီးယားလက်နက်များသဘောတူစာချုပ် အသစ် ချုပ်ဆိုလိုတယ်လို့ သမ္မတရမ့်က ပြောလိုက်တာဖြစ်ပါတယ်။

"ဒီအကြံဉာဏ်ကိုလည်း အဲ့ဒီ ၂ နိုင်ငံကို ပြောထားပြီးဖြစ်ကြောင်းနဲ့ ဒီအပေါ် တရုတ်ကလည်း အင်မတန်မှ စိတ်လှုပ်ရှားနေကြောင်း ရုရှားကလည်း လက်ခံမယ့် သဘောရှိကြောင်းနဲ့ တချိန်ချိန်မှာ သဘောတူညီမှု ရလိမ့်မယ်" လို့ ယူဆတယ်ဆိုပြီး မီဒီယာတွေကို သမ္မတရမ့်က ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့တုန်းကတော့ အမေရိကန်ဟာ INF လို့ အတိုကောက်ခေါ်တဲ့ တာလတ်ပစ် နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကနေ နုတ်ထွက်လိုက်ပြီလို့ သမ္မတထရမ့်က ကြေညာခဲ့ပါတယ်။

အကြောင်းကတော့ ရုရှားဟာ သူတို့ရဲ့ ဒုံးကျည်အသစ်တွေကို ဖျက်ဆီးဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် အမေရိကန်ကလည်း နျူကလီးယားဒုံးကျည်အသစ်တွေ ထုတ်လုပ်ဖို့ INF စာချုပ်ကနေ နုတ်ထွက်လိုက်တာပါ။

အခုတော့ စစ်အေးကာလက ချုပ်ဆိုခဲ့တဲ့ INF သဘောတူညီချက်ကိုလည်း စာချုပ်အသစ်နဲ့ အစားထိုးဖို့ သမ္မတထရမ့်က မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

(၃) သမ္မတထရမ့်က ထောက်လှမ်းရေးချုပ်အဖြစ်အဆိုပြုထားသူ ရာထူးကနုတ်ထွက်

ရာထူးယူဖို့ ငြင်းဆန်လိုက်တဲ့ ဂျွန်ရက်ကလစ်ဖ်
ဓာတ်ပုံ ပုံစာ, ရာထူးယူဖို့ ငြင်းဆန်လိုက်တဲ့ ဂျွန်ရက်ကလစ်ဖ်

အမေရိကန် အမျိုးသားစုံစမ်းထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ဖို့ သမ္မတထရမ့်က အဆိုပြုရွေးချယ်ထားတဲ့ ဂျွန်ရက်ကလစ်ဖ်ဟာ ရာထူးနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ကြုံခဲ့ရပြီးတဲ့နောက် အခုတော့ ရာထူးယူဖို့ ငြင်းဆန်လိုက်ပါတယ်။

သမ္မတထရမ့်ကတော့ တက္ကဆက်က ရီဘာပလစ်ကန်ကွန်ဂရက် လွှတ်တော်အမတ်ဖြစ်တဲ့ မစ္စတာ ရက်ကလစ်ဖ်ကို မီဒီယာတွေက မမျှမတပြုမှုရေးသားတာတွေကြောင့် ရာထူးယူဖို့ နောက်ဆုတ်သွားရတာဖြစ်တယ် လို့ သူ့တွစ်တာပေါ်မှာ ရေးထားခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအတွက် ဖွဲ့စည်းထားတဲ့ ဌာန ၁၇ ခုရဲ့ အကြီးအကဲ ဒန်ကုတ်စ်ရဲ့ နေရာမှာ အစားထိုးမယ့် မစ္စတာ ရက်ကလစ်ဖ်ကို ဒီမိုကရက်တစ်ပါတီဘက်က လွှတ်တော်အမတ်တွေနဲ့ အရင်ထောက်လှမ်းရေးဆိုင်ရာ အရာရှိဟောင်းတွေက ကန့်ကွက်ခဲ့ကြတာပါ။

သူ့ကို ထောက်လှမ်းရေးအတွေ့အကြုံနည်းပါးတာ၊ လုပ်ငန်းပိုင်းဆိုင် ကျွမ်းကျင်မှုမရှိတာ စတဲ့အချက်တွေနဲ့ ဝေဖန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သမ္မတထရမ့်ကတော့ ဒန်ကုတ်စ် နေရာမှာ နောက်ထပ် အမည်စာရင်းတင်သွင်းမယ့် ပုဂ္ဂိုလ် ၃ဦးကို မကြာခင် စိစစ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

(၄) သမ္မတနဲ့ အငြင်းအခုံဖြစ်ပြီးနောက် ဘရာဇီး အာကာသသုတေသနအကြီးအကဲ ရာထူးက အထုတ်ခံရ

အမေဇုန် သစ်တောပြုန်းတီးမှုနှုန်းဟာ ပိုဆိုးလာတယ်လို့ ဘရာဇီးအာကာသသုတေသနအင်ဂျင်စီရဲ့ အကြီးအကဲပြောခဲ့
ဓာတ်ပုံ ပုံစာ, အမေဇုန် သစ်တောပြုန်းတီးမှုနှုန်းဟာ ပိုဆိုးလာတယ်လို့ ဘရာဇီးအာကာသသုတေသနအင်ဂျင်စီရဲ့ အကြီးအကဲပြောခဲ့

အမေဇုန်သစ်တောတွေ ခုတ်ယူတဲ့နှုန်း များနေတဲ့အရေးနဲ့ ပတ်သက်လို့ ဘရာဇီးသမ္မတ Jair Bolsonaro နဲ့ လူသိရှင်ကြား အငြင်းအခုန်တွေ ဖြစ်ခဲ့တဲ့ ဘရာဇီးနိုင်ငံဆိုင်ရာ အာကာသသုတေသနအင်ဂျင်စီရဲ့ အကြီးအကဲ ရာထူးကနေ အထုတ်ခံလိုက်ရပါတယ်။

ဇွန်လအတွင်း သစ်တောပြုန်းတီးမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် အဲ့ဒီအချိန်တုန်းကနဲ့ နှိုင်းယှဉ်ရင် ၈၈ ရာခိုင်နှုန်း တိုးလာတာလို့ ဘရာဇီး အာကာသသုတေသနအင်ဂျင်စီက အချက်အလက်တွေ ထုတ်ပြန်ခဲ့တာပါ။

သမ္မတ Bolsonaro က အာကာသသုတေသနအေဂျင်စီဟာ အချက်အလက်တွေကို အမှားဖြစ်အောင် ထည့်ပြီးတော့ သူရာထူးယူတဲ့ ဇန်နဝါရီလကနေစလို့ အမေဇုန်သစ်တောပြုန်းတဲ့နှုန်းကို သိသိသာသာကြီးတက်လာအောင် လုပ်ထားတယ်လို့ စွပ်စွဲပါတယ်။

"အချက်အလက်တွေ မှားယွင်းအောင် လုပ်တာဟာ နိုင်ငံတကာမှာ ဘရာဇီးနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်အောင် လုပ်တာဖြစ်သလို သူ့အစိုးရကို သိက္ခာကျအောင် လုပ်တဲ့လုပ်ရပ်ဖြစ်တယ်" လို့လည်း သမ္မတက ပြောပါတယ်။

အာကာသသုတေသန အေဂျင်စီအကြီးအကဲ Ricardo Galvão ကတော့ "သမ္မတဟာ သူရဲဘောကြောင်တဲ့လူ" လို့ တုံ့ပြန်ပြောပါတယ်။