ဘူးသီးတောင် ဥယျာဉ်သာရွာမှာ နှစ်ရက်ဆက်တိုက်မီးရှို့မှုဖြစ်အပါအဝင် သတင်းများ

(KBC) ရဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က ပုဒ်မ ၂၀ဝ နဲ့ ဦးတိုက်လျှောက်ထား
ဓာတ်ပုံ ပုံစာ, KBC ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က ပုဒ်မ ၂၀ဝ နဲ့ ဦးတိုက်လျှောက်ထား
ရေးသားခဲ့သည်။

KBC ဥက္ကဋ္ဌ ကို စစ်တပ်က တရားစွဲဖို့ ဦးတိုက်လျှောက်ထားခဲ့မှုကို KBC ကန့်ကွက်

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ရဲ့ ဥက္ကဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒုတိယဗိုလ်မှူးကြီး သန်းထိုက် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က တရားလိုပြုလုပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ပတ်သက်လို့ KBC က ကမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တရားစွဲရတဲ့ အကြောင်းကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ အမေရိကန်ပြည်ထောင်စုကို သွားတဲ့အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့စဉ် ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေအပေါ်မှာ တရားစွဲတာဖြစ်တယ်လို့ လျှောက်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချိန်တွင် ဒေါက်တာ ခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အစရှိတဲ့ အချက် (၅) ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။

၂ဝ၁၈ မေတုန်းက KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနဲ့ ကာချုပ်တို့ တွေ့ဆုံခဲ့
ဓာတ်ပုံ ပုံစာ, ၂ဝ၁၈ မေတုန်းက KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနဲ့ ကာချုပ်တို့ တွေ့ဆုံခဲ့

ရန်ကုန်မှာ NRPC နဲ့ KNU အလွတ်သဘော တွေ့ဆုံနေ

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ KNU စက်တင်ဘာလ ၇ ရက်ဒီကနေ့မနက် ၁၀နာရီမှာ ရွှေလီလမ်းက NRPC ခန်းမမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို KNU ဘက်က ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ဦးဆောင်ပြီး တက်ရောက်လာတာ တွေ့ရပါတယ်။

KNU ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့မှုတွေ ရှိနေတယ်ဆိုပြီး ၂၀၁၈ နှစ်ကုန်ပိုင်းကစလို့ အစိုးရနဲ့တရား ဝင်ဆွေးနွေးပွဲတွေကိုရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လကထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်ဖို့အတွက် တိုးတက်မှုတွေ ရခဲ့တယ် လို့ နှစ်ဖက် တာဝန်ရှိသူတွေ ကပြောခဲ့ပါတယ်။

"KNU ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ ဘယ်တုန်းကမှ နုတ်ထွက်ခဲ့တာမျိုး မဟုတ်ဘူး။ တချို့ ပြင်ဆင်ရမယ့်ဟာတွေ၊ ဆောင်ရွက်သင့်တဲ့ဟာတွေကို ကျွန်တော်လုပ်နေတယ်" ဆိုပြီး ပဒိုကွယ်ထူးဝင်းက အဲ့တုန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်က ဆွေးနွေးပွဲ အပြီး ညနေပိုင်းမှာလည်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

ဗီဒီယို ပုံစာ, NCA အပေါ် KNLA သဘောထား
ရခိုင်အရေးအခင်းတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရွာ
ဓာတ်ပုံ ပုံစာ, ရခိုင်အရေးအခင်းတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရွာ

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ ဥယျာဉ်သာရွာမှာ မီးရှို့မှုတွေ ဆက်ဖြစ်

စစ်ရေးကြောင့် ဒေသမတည်မငြိမ်ဖြစ်နေတဲ့ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းက ဥယျာဉ်သာနဲ့ ဆင်သေပြင် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥယျာဉ်သာရွာဟာ အိမ်ခြေ ၅၀ကျော်ရှိပြီး အခုလတ်တလောမှာတော့ ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ရွာထဲမှာ စစ်တပ်က ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အနားတဝိုက်က ရွာသားတွေ စွန့်ခွာသွားကြတဲ့ နွားရုံတောင်၊ စံဂိုးတောင်၊ ရှပ်ရှားတောင်၊ စပါးထား စတဲ့ရွာတွေမှာ တပ်က ဝင်ပြီးနေရာယူထားကြပါတယ်။

အနီးအနားတောင်တန်းပေါ်မှာတော့ အေအေ ရက္ခိုင့်တပ်မတော်ကနေ နေရာယူထားတဲ့အတွက် မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။

အခုလို ဥယျာဉ်သာရွာက အိမ်တွေ မီးလောင်နေတာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးကြည့်တော့ မိုးရွာနေတဲ့အတွက် မီးမလောင်နိုင်ကြောင်းနဲ့ စစ်တပ်က အခုအခြေအနေမှာ မိုင်းတွေကိုရှင်းလင်း ပေးနေရတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာထွက်ပြေး သွားကြတဲ့သူ အများစုဟာ လယ်သမားတွေ ဖြစ်ပြီး လယ်မြေတွေ ကျွဲတွေနွားတွေကို စွန့်ခွာထွက်ပြေးနေကြရတာကြောင့် အသက်မွေးဝမ်းကျောင်းမှုကို အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုတွေ ရှီနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီး စားကျက်ပေါ်မှာနီပေါနိုင်ငံက ရဟတ်ယာဉ် ၁ စီး အရေးပေါ် ဆင်းသက်ခဲ့ရ
ဓာတ်ပုံ ပုံစာ, ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီး စားကျက်ပေါ်မှာနီပေါနိုင်ငံက ရဟတ်ယာဉ် ၁ စီး အရေးပေါ် ဆင်းသက်ခဲ့ရ

နီပေါနိုင်ငံက ရဟတ်ယာဉ် ၁ စီး ရာသီဥတုကြောင့် ရခိုင်မြောက်ပိုင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း လေဆိပ်ကနေ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းသို့ ဦးတည် ထွက်ခွာလာတဲ့ နီပေါနိုင်ငံက Shree air line ပိုင် MI 8 အမျိုးအစား ခရီးသည် ၇ ဦးကို တင်လာတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု အခြေအနေဆိုးရွားတဲ့ အတွက် တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီး စားကျက်ပေါ်မှာ စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီကျော်က အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

တစ်နာရီခွဲလောက် အဲဒီမှာ ရပ်နားပြီး စစ်တွေကို ဆက်ပျံသွားခဲ့ပါတယ်။

ဒီ ရဟတ်ယာဉ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ ပြောဆိုနေကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်တဲ့ အပြင် တရားမဝင် ဝင်လာတာလည်း မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ မြန်မာနိုင်ငံပေါ်မှာ တရားဝင် ပျံသန်းခွင့် တောင်းယူပြီး ပျံသန်းခဲ့တဲ့ ရဟတ်ယာဉ် ဖြစ်ကြောင်း သူက အတည်ပြုပါတယ်။ အင်ဒိုနီးရှားမှာ တောမီးလောင်တာကို သွားရောက် အကူအညီပေးတဲ့ ရဟတ်ယာဉ် ဖြစ်ကြောင်းလည်း သူက ရှင်းပြပါတယ်။

အခုလို ရဟတ်ယာဉ် အဖြူရောင် တစ်စီး ရွာအနီး ရောက်လာခဲ့တာ အတွက် ဒေသခံများအကြား စိုးရိ်မ်ခဲ့ရပြီး နှစ်ဘက် တပ်တွေက ပစ်ခတ်မှု မလုပ်ခဲ့တာဟာ အထူးကံကောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။