နိုဝင်ဘာလ ၂၁ ရက်ထိပ်တန်းသတင်းများ - ပေါက်တောမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

ရခိုင်မှာ အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ
ဓာတ်ပုံ ပုံစာ, ရခိုင်မှာ အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ ပေါက်တောမြို့ပေါ်မှာ ဒီကနေ့မွန်းလွဲပိုင်းကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကစလို့ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က လေကြောင်းရော၊ ရေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပေါက်တောမြို့ပေါ်ကို တိုက်လေယာဥ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ကုလားတန်မြစ်အတွင်းမှာရှိနေတဲ့ စစ်သင်္ဘောတွေနဲ့ စစ်တွေမြို့မှာရှိတဲ့ စစ်တပ်တွေ၊ ရပ်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့အရပ်သား ရာနဲ့ချီကျန်နေသေးပြီး အခုတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီလူတွေကို စိုးရိမ်နေကြရတယ်လို့ စစ်ရှောင်နေတဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ၁၂ နာရီကျော်လောက်စတယ်။ မြေပြင်မှာပစ်ခတ်မှုတွေဖြစ်တယ်။ နောက်လေယာဉ်နဲ့လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်။ မြို့ထဲမှာတော့ အဲ့ဒီနေ့ကတည်းက ဓါးစားခံအဖြစ်ဖမ်းဆီးခံနေကြရတဲ့သူတွေရှိတယ်။ သူတို့အတွက်စိုးရိမ်ရတာပေါ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုနေ့လယ်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပေါက်တောမြို့ကို စစ်ကောင်စီအခြေစိုက်နေတဲ့ စစ်တွေမြို့ကနေ စစ်ကူတွေ အများအပြားပို့လွှတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ ပြောဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့တပ်ရင်းတပ်ဖွဲ့တွေဘက်နေ မြောက်ဦးမြို့နယ်ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေရှိနေတယ်လို့သိရပါတယ်။

အခုလ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းတိုက်ပွဲအခြေအနေတွေဟာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငြိမ်သက်နေခဲ့ရာကနေ ဒီကနေ့မှာတော့ ပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။

လွိုင်ကော်ပါမောက္ခချုပ်နဲ့ပညာရေးဝန်ထမ်းတွေဘေးကင်းကြောင်း ထုတ်ပြန်လာ

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်
ဓာတ်ပုံ ပုံစာ, လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယား (ကရင်နီ) ပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးအဖြစ် မြို့တော်လွိုင်ကော်ကို သိမ်းပိုက်ရရှိနိုင်ဖို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်မှာ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ခဲ့ကြချိန် တော်လှန်ရေးအင်အားစုတွေကယ်ထုတ်ထားတဲ့ ပညာရေးဝန်ထမ်းတွေ ‌ဘေးကင်း‌ကြောင်း မနေ့က ဗီဒီယိုဖိုင်နဲ့ထုတ်ပြန်လာပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်အပါအဝင် ကထိက ဒေါ် ခင်လှဋ္ဌေးနဲ့ လက်ထောက်ကထိက ဦးဝေလင်းစိုးတို့က သူတို့ဘေးကင်းကျန်းမာရှိနေကြောင်း ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကနေ ဖော်ပြခဲ့ပါတယ်။

"၁၁ ရက်နေ့မှာတိုက်ပွဲတွေစဖြစ်တော့ လုံခြုံမယ့်နေရာပင်မဆောင်အောက်ဆုံးထပ်ကို ဆရာဆရာမအားလုံးစုစည်းနေကြပါတယ်။ အဲ့အချိန်တိုက်ပွဲတွေဖြစ် လက်နက်ကြီးအများကြီးကျလာအချိန် ပြည်သူ့ရဲဘော်အဖွဲ့ဆိုတဲ့သူတွေက ကျွန်တော်တို့ကိုလာရောက်ခေါ်ဆောင်ပါတယ်။ ပထမအဆင့်အနေနဲ့ အင်္ဂလိပ်စာဌာနထဲမှာတနေကုန်နေပြီးတော့ ညနေပိုင်းကျမှ ပိုပြီးလုံခြုံတဲ့နေရာကိုခေါ်ထုတ်လာတယ်။ အခုချိန်အထိကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေထိုင်ရပါတယ်" လို့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေရှိတာကြောင့် ဝန်ထမ်းနဲ့ မိသားစုတွေအပြင် စက်မှုကျောင်းကဝန်ထမ်းတွေအပါ စုစုပေါင်း (၂၀၄) ယောက်ကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးကျရောက်မှုအနည်းငယ်လျော့နည်းချိန်မှာပဲ ဘေးကင်းရာကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒီပညာရေးဝန်ထမ်းတွေကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးနဲ့အညီ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စောင့်ရှောက်ပေးထားပြီး မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့က Non CDM တွေကိုသုံးမျိုးခွဲထားပါတယ်။ CDM တွေကိုဖိနှိပ်ခဲ့တဲ့ အပြစ်ကြီးကြီးကျူးလွန်ထားသူတွေရှိနိုင်တယ်။ နောက်တစ်မျိုးက ဝန်ချတောင်းပန်ရုံနဲ့ပြီးနိုင်တာမျိုးရှိမယ်။ နောက်တခုက စားဝတ်နေရေးမပြေလည်လို့ Non CDM လုပ်နေသူတွေလည်းရှိနိုင်တယ်။ ဒါတွေကို စစ်ဆေးနေတုန်းပါ။ IEC က ဆက်လုပ်ဆောင်မှာ" လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီးထူးက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့က လွိုင်ကော်တက္ကသိုလ်မှာ ရှိတဲ့ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကိုဖမ်းဆီးသွားတဲ့ အကြမ်းဖက်လုပ်ရပ်လို့ထုတ်ပြန်ထားပါ တယ်။

နမ့်ဆန်မှာ လက်နက်ကြီးကျလို့ ကလေးငယ် ၁ ဦးသေဆုံး

သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ဟာ ဆဋ္ဌမတန်းကျောင်းသူဖြစ်တယ်လို့ သိရပါတယ်
ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ဟာ ဆဋ္ဌမတန်းကျောင်းသူဖြစ်တယ်လို့ သိရပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ထဲက အုမ်းစွမ်ရွာကို မနေ့ညသန်းခေါင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး နောက်ထပ်‌ လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA) က သတင်းထုတ်ပြန်လာပါတယ်။

နမ့်ဆန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ချိန် အုမ်းစွမ်ကျေးရွာထဲကို လက်နက်ကြီး ၃ လုံးကျခဲ့တာလို့ ဆိုပါတယ်။

အဲဒီထဲက လက်နက်ကြီးအစအန ရင်ဘတ်ကို ထိမှန်လို့ အသက် ၁၄ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ လွေးမြသန္တာလင်းသေဆုံးခဲ့တာလို့လည်း TNLA ဘက်ကသတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့ နေလယ်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ နမ့်ဆမ်၊ မိုင်းငေါ့နဲ့ ကျောက်မဲမြို့တွေက တပ်စခန်းတွေကနေ မြို့သစ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ အကြိမ်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာလ ၁၉ ရက်ညပိုင်းတုန်းကလည်း မြို့သစ်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ရွာသားတစ်ဦးရဲ့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်နဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်မှာ ပြည်တွင်းရေကြောင်းသင်္ဘော ၂ စီးနဲ့ ဝန်ထမ်းတွေပျောက်ဆုံးနေ

ပျောက်ဆုံးနေတဲ့သင်္ဘော‌ထဲက တစ်စီး(ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေတဲ့သင်္ဘော‌ထဲက တစ်စီး(ပုံဟောင်း)

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်း ဇက်ရေယာဉ်နှစ်စီးနဲ့ အဲဒီရေယာဥ်တွေပေါ်က ဝန်ထမ်းတွေဟာ မနေ့ညနေပိုင်းကစလို့ ဌာနနဲ့အဆက်အသွယ်ပြတ်သွားပြီး ရေယာဥ်တွေလည်း ပျောက်ဆုံးနေတယ်လို့ ဘီဘီစီက သိရပါတယ်။

အဲ့ဒီဇက်ရေယာဉ်နှစ်စီးမှာ ရေနယား (၁)နဲ့ ရေဘဝဲ (၄) တို့ဖြစ်ပြီး ပလက်ဝမြို့ကို ကုန်စည်နဲ့ခရီးသည်ပို့ဆောင်ရေးအတွက် ပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်းပိုင် ရေယာဉ်တွေဖြစ်ပါတယ်။

ရေယာဥ်တစ်စီးမှာ အနည်းဆုံး ဝန်ထမ်း ၈ ဦးခန့်ရှိပြီး အခုတော့ ပျောက်ဆုံးရေယာဥ်ပေါ်က ဝန်ထမ်းတွေနဲ့လည်း အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

မနေ့ည ၇ နာရီလောက်မှာ အဲဒီရေယာဉ်နှစ်စီးကို ကျောက်တော်ဆိပ်ကမ်းကနေ ကျောက်တော်မြို့အောက်ဘက် စစ်တွေမြို့ဘက်ကို ခုတ်မောင်းသွားတာတွေ့လိုက်ရတယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေရဲ့ပြောပြချက်တွေကို ရေကြောင်းဌာနက ပြောပါတယ်။

ကျောက်တော်မြို့ဆိပ်ကမ်းမှာရပ်နားထားတဲ့ အဲ့ဒီရေယာဉ်တွေကဝန်ထမ်းတွေကို မနေ့ကညနေပိုင်းမှာ ဆက်သွယ်လို့မရတော့တာကြောင့် နိုဝင်ဘာ ၂၁ ရက် ဒီကနေ့မနက်ပိုင်းသွားရောက်ကြည့်ရှုရာမှာ ရေယာဉ်တွေကိုမတွေ့ရတော့သလို ဘယ်အဖွဲ့အစည်းက ခေါ်ဆောင်သွားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့တဲ့အချိန်မှာ ရေယာဉ်ပြေးဆွဲမှုတွေကိုရပ်နားထားတာဖြစ်ပြီး ရေယာဉ်တွေကိုတော့ ကျောက်တော်မြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရေယာဥ်နဲ့ဝန်ထမ်းတွေ ဘာကြောင့် ပျောက်ဆုံးနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။