အောက်တိုဘာ ၂၆ ရက်ထိပ်တန်းသတင်းများ - နောင်ချိုအနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူသုံး

ဓာတ်ပုံ ရင်းမြစ်, TNLA ပြန်ကြားရေး
ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး အုမ္မခါးကျေးရွာအနီးမှာ တအာင်းတပ်(TNLA)နဲ့ ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ လေကြောင်းပစ်ကူတာတွေလုပ်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အုမ္မခါးကျေးရွာဟာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ကြား မန္တလေး- လားရှိုးအဝေးပြေးလမ်းမကြီးပေါ်မှာ ရှိတာဖြစ်ပါတယ်။
ဒီနေ့မနက်အစောပိုင်း တိုက်ပွဲမဖြစ်ခင်မှာ တအာင်းတပ်ဖွဲ့က မနက် ၆ နာရီကနေ ၉ နာရီအထိ လမ်းပိတ်ခဲ့ပြီးနောက်မှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပါတယ်။
ဘီဘီစီက နောင်ချို ဒေသခံတွေကို ဖုန်းဆက်သွယ်မေးမြန်းတဲ့ ဒီနေ့ ညနေ ၃ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းလို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲဆက်ဖြစ်နေတုန်းဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။
ဒီပဲယင်း၊ အနောက်ဘက်ခြမ်းရွာတွေ စစ်ကြောင်းထိုးခံနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေတာ ၉ ရက်ရှိလာပြီး နေအိမ်မီးရှို့ခံရတာတွေရှိသလို ဒီကနေ့မှာဆိုရင် ဒေသခံတွေဖမ်းဆီးခံထားရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ ကပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရွာစဥ်တစ်လျှောက် လှည့်ပြီး တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာ ဒီပဲယင်းအနောက်ဘက်ခြမ်းက ရှမ်းတောရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်စစ်ကြောင်းထိုးနေပြီး အဲဒီရွာက ဒေသခံဆယ်နဲ့ချီ အပါအဝင် ဆိုင်ကယ်တွေကို ဖမ်းဆီးထားတယ်လို့ ဒေသအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
"ရှမ်းတောဘက်ကနေ မီးခိုးတွေ ထွက်တာတွေ့ရတယ် ဘာကိုရှို့နေလဲ မသိရသေးဘူး။ စစ်ကြောင်းက ရှမ်းတောမှာရှိနေတယ်။ ဒါပေမဲ့ အဲဒီတစ်လျှောက် ရှမ်းတော၊ စိုင်ပြင် နဲ့ မင်းတဲကုန်းတွေဘက်လည်း စစ်ကြောင်းလာတော့ ပြေးကြရတယ်။ အခုတော့ အားလုံးပြေးနေကြရတာ လူဦးရေ တစ်သောင်းလောက်ရှိမယ် '' လို့ ဒီပဲယင်းညီနောင်အဖွဲ့က အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က စတင်ပြီး ဒီပဲယင်းမစိုးရိမ်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲတာဖြစ်ပြီး ၁၉ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ ရွာထဲကိုရှင်းလင်းရေးဝင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တစ်ဦးသေပြီး ၁၂ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကနေ ဒီကနေ့ အောက်တိုဘာ ၂၆ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်း ကကျေးရွာတွေကို ၉ ရက်ကြာ စစ်ကြောင်းထိုးနေပြီး အနည်းဆုံးကျေးရွာ ၃ ရွာထက်မနည်းက နေအိမ် ဆယ်နဲ့ချီမီးရှို့ခံထားရတယ်လို့ ဒေသအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဒီပဲယင်းနယ်ထဲက ကျေးရွာပေါင်း ၁၃ရွာထက်မနည်းမှာ ပြည်သူ တစ်သောင်းဝန်းကျင်စစ်ရှောင်စခန်း ၁၁ ခုမှာ နေနေကြရပြီး တိမ်းရှောင်ရတဲ့ ရက်ကြာလာတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲရှိလာတယ်လို့ သိရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း သံသယရှိသူ ၅,၀၀၀ နီးပါးကို မြန်မာက တရုတ်ကိုလွှဲပေးထား

ဓာတ်ပုံ ရင်းမြစ်, WSTV
စက်တင်ဘာ နဲ့ အောက်တိုဘာ နှစ်လအတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၅,၀၀၀ နီးပါးကို မြန်မာဘက်ကနေ တရုတ်နိုင်ငံရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။
ဒီလို ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် စစ်ကောင်စီအာဏာပိုင်တွေကိုချီးကျူးတယ်လို့သုံးနှုန်းထားသလို မြန်မာစစ်ကောင်စီ ဝန်ကြီးတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့နဲ့ ပြီးခဲ့တဲ့ရက်အတွင်း သီးသန့်တွေ့ဆုံမှုတွေလုပ်ပြီးနောက် တရုတ်ဘက်က ဒီလိုထုတ်ပြောလာတာပါ။
မြန်မာဘက်က လွှဲပြောင်းမှုဆိုတာမှာ စစ်ကောင်စီ နဲ့ မြန်မာမြောက်ပိုင်းမှာရှိနေတဲ့လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ '' ဝ '' နဲ့ ကိုးကန့်တပ်ဖွဲ့တွေကလွှဲပြောင်းပေးထားမှုတွေလို့နားလည်ရပြီး '' ဝ '' တပ်ဖွဲ့ နဲ့ ကိုးကန့် တပ် နှစ်ဖွဲ့ပေါင်း လူဦးရေ ၂,၀၀၀ ဝန်းကျင် လွှဲပြောင်းပေးထားတာကို ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ ပတ်သက်ပြီး တိုက်ဖျက်ရေးလှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမယ်လို့ လည်း တရုတ်သံရုံးဘက်ကပြောထားပါတယ်။
တရုတ်သံအမတ် မစ္စတာချန်ဟိုင်း က တရုတ်နိုင်ငံအနေနဲ့ ဆက်သွယ်ရေးလိမ်လည်မှု အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုတွေကို ပြတ်ပြတ်သားသားတိုက်ဖျက်တဲ့ သဘောထားကို အလေးထားပြောခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်ကောင်စီဘက်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေတိုက်ဖျက်ရေးလှုပ်ရှားမှုကို တက်တက်ကြွကြွဆောင်ရွက်မယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ တရုတ်အစိုးရဘက်ကနေ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အခြေစိုက် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေပါဝင်တယ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ဖြတ်ဖို့အထိလုပ်မယ်လို့ဆိုပြီး တရုတ်ကပြောခဲ့ပြီးနောက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
သူတို့က ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ပဲ ဖြစ်ပါတယ်။
UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနဲ့ ဆွေမျိုးတော်ကြတဲ့ သူတို့ နှစ်ဦးကို ဆုကြေးဒဏ်ငွေ ယွမ် ငါးသိန်းအထိ ဆုငွေထုတ်ထားပါတယ်။ ဝ တပ်ဖွဲ့ UWSA က လည်းသူတို့နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။
တန့်ဆည်မှာ နေအိမ်နဲ့ဆိုင်တွေမီးရှို့ခံရပြီး လူဆယ်ချီဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်က တန့်ဆည်စျေးကို ဝင်ရောက်စီးနင်းပြီး နေအိမ်နဲ့ ဆိုင်အချို့ကို မီးရှို့ခဲ့သလို လူဆယ်ချီကိုလည်း ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပြပါတယ်။
ဒီနေ့ မနက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အဝိုင်းနဲ့ စျေးထဲမှာ ဖြန့်ကြက်နေရာယူလို့ တန့်ဆည်စျေးကို လာသူမရှိသလောက်ဖြစ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မြို့တွင်းက ကားဂိတ်၊ စျေးဆိုင်၊ တည်းခိုခန်းနဲ့ နေအိမ် စုစုပေါင်း ၅ နေရာကို စစ်ကောင်စီတပ်က မနေ့ မနက်ပိုင်းမှာ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲမရှိဘဲ အခုလို နေရာ ၅ ခုကို မီးရှို့ခဲ့တာကြောင့် စစ်ကောင်စီကို တော်လှန်ရေးလုပ်နေသူတွေဆိုပြီး နေရာအတိအကျနဲ့ စစ်တပ်ဘက်က လာရောက်မီးရှို့ တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။
ဒါ့အပြင် မီးရှို့ချိန်အတွင်းမှာပဲ ဒေသခံ ၂၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သူတို့ စခန်းချတဲ့ မြို့တွင်း ဘောလုံးကွင်းမှာ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
‘’ကျွန်မတို့ ဘက်ကဆိုရင် လူငယ် ၂ ဦး၊ မဟာကန် အိမ်ဆောက်ပစ္စည်းဆိုင်က ကောင်မလေး ၃ ယောက်၊ မနောတံခွန်ကားဂိတ်နား လျှပ်စစ်ဆိုင်ပိုင်ရှင်၊ ဆိုင်ကယ်နောက်တွဲဆွဲတဲ့ကောင်လေး။ လမ်းမှာတွေ့တဲ့လူငယ် လူရွယ်တွေကို ဖမ်းသွားတာ။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆို ပိုင်ရှင်ရော၊ လာသောက်တဲ့သူရော အဖမ်းခံရတယ်။ ဒီနေ့ အထိ ပြန်မလွတ်လာသေးဘူး’’ လို့ စျေးအနီးနေထိုင်သူ တစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မဟာမြိုင်ရပ်ကွက်ထဲက နေအိမ်အချို့ကို ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့လည်း မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
‘’ဒီနေ့မနက်လည်း စျေးသွားလို့မရဘူး။ အဝိုင်းမှာလည်း စစ်သားတွေ စိမ်းနေတယ်။ စျေးထဲမှာလည်း စိမ်းနေတယ်ဆိုတော့ ဆိုင်တွေလည်း မဖွင့်ကြ၊ စျေးသွားမယ့်သူကလည်း စိုးရိမ်ပြီး မသွားကြဘူး’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။




















