အောက်တိုဘာ ၇ ရက် ထိပ်တန်းသတင်းများ - ပုလဲ - ဂန့်ဂေါမှာ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်လို့ ဒေသခံသောင်းချီထွက်ပြေးနေရ

ပုလဲ နယ်တဝိုက်က ဒေသခံတွေနဲ့ ကလေးငယ်တွေ တိုက်ပွဲလွတ်ရာတိမ်း‌ရှောင်
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ၊ ပုလဲ - ဂန့်ဂေါ လမ်းကြောင်းကို စစ်ကြောင်းထိုးနေလို့ အဲဒီတဝိုက်ရွာတွေက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်၊

ပုလဲမြို့ပေါ် မှာ ညအိပ်တပ်စွဲခဲ့တဲ့ အင်အားရာချီပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နဲ့ ယာဉ်တန်း ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ ပုလဲမြို့နယ် ၊ မင်းတိုင်ပင်ကျေးရွာ မှာ တပ်စွဲထားတယ်လို့ဆိုပါတယ်။

စစ်ကြောင်းတစ်လျှောက်မှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဖေါက်ခွဲတိုက်ခိုက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်လို့ ပုလဲ ပ.အ.ဖ က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ တဝိုက်ရွာတွေက ပြည်သူ တစ်သောင်းခွဲလောက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပုလဲဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကြောင်း လွတ်တဲ့ ကျေးရွာတွေကလည်း စစ်ကြောင်းပြန်လှည့်လာမှာစိုးရိမ်လို့ ကျေးရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ပြောပါတယ်။

ရုရှားနျူကလီးယားတက္ကသိုလ် နဲ့ မြန်မာတက္ကသိုလ် ၃ ခု MOU ထိုး

ရုရှားအမျိုးသားနျူကလီးယားသုတေသနတက္ကသိုလ် MEPhI နဲ့ မြန်မာနည်းပညာ တက္ကသိုလ် သုံးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထို

အဏုမြူစွမ်းအင် နဲ့ နျူကလီးယားနည်းပညာ ဘာသာရပ်တွေမှာ နည်းပညာရှင်တွေ မွေးထုတ်နိုင်ဖို့ရည်ရွယ်ပြီး ရုရှားအမျိုးသားနျူကလီးယားသုတေသနတက္ကသိုလ် MEPhI နဲ့ မြန်မာနည်းပညာ တက္ကသိုလ် သုံးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် နဲ့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့နှင့် MEPhI တက္ကသိုလ်တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

‘’ဒီလက်မှတ်ရေးထိုးမှုမတိုင်ခင် ဒီပညာရပ်တွေသင်ကြားဖို့ ရုရှားဘက်က မြန်မာတက္ကသိုလ်တွေမှာ ကျောင်းသားတွေလိုက်ရှာခဲ့ကြတယ်‘’ လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နျူကလီးယားနဲ့ ဆက်စပ်နယ်ပယ်တွေမှာ ရုရှားတက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့ကြတဲ့ မြန်မာကျောင်းသား ဟောင်းတွေ ရုရှားတက္ကသိုလ်တွေက ကိုယ်စားလှယ်တွေ နဲ့ ROSATOM က ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက ရန်ကုန် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူပြီးတဲ့နောက် အခုလို နျူကလီးယားနည်းပညာနဲ့ပတ်သက်လို့ နှစိနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေရှိလာတာပါ။

နျူကလီးယားဓာတ်အားပေးစက်ရုံကို ဘယ်နေရာမှာ တည်ဆောက်နေလဲဆိုတာကို စစ်ကောင်စီက လျှို့ဝှက်ထားပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ မနေ့ကပြုလုပ်တဲ့ MOU ထိုးပွဲကို ရုရှား MEPhI တက္ကသိုလ် က ဒုတိယပါမောက္ခချုပ် ကိုယ်တိုင်ရောက်လာပြီး မြန်မာဘက်ကတော့ သိပ္ပံ နဲ့ နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကိုဖိတ်တယ်ဆိုတဲ့ ဘင်းမ်စတက်အစည်းအဝေးကို ထိုင်း ရွှေ့ဆိုင်းထား

၂၀၂၃ ဇူလိုင်လက ထိုင်းအစိုးရဟောင်းလုပ်တဲ့ ဘင်းမ်စတက်အစည်းအဝေးကို စစ်ကောင်စီဝန်ကြီးတက်ရောက် (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ၂၀၂၃ ဇူလိုင်လက ထိုင်းအစိုးရဟောင်းလုပ်တဲ့ ဘင်းမ်စတက်အစည်းအဝေးကို စစ်ကောင်စီဝန်ကြီးတက်ရောက် (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းကျင်းပဖို့ ပြင်ထားတဲ့ BIMSTEC -ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံများ(ဘင်းမ်စတက်) အစည်းအဝေးကို လာမယ့်နှစ်မှ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုအတည်ပြုပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ထိုင်းသတင်းဌာနအချို့ကဖော်ပြကြတဲ့အပေါ် ဘီဘီစီကမေးမြန်းခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ဖြေကြားလာတာပါ။

ထိုင်းနိုင်ငံသား နိုင်ငံရေးအကဲခတ်တချို့ကတော့ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားမယ်ဆိုတဲ့အပေါ် လက်ရှိ ထိုင်းအရပ်သားအစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတချို့ရှိတာကြောင့် ဒီလို ရွှေ့ဆိုင်းလိုက်တာလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ တုံ့ပြန်ချက်မှာတော့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေအပါအဝင် စနစ်တကျပြင်ဆင်မှုတွေလုပ်ဖို့အတွက် ရွှေ့ဆိုင်းတာလို့ ဆိုပြီး လာမယ့်နှစ်အတွင်း ကျင်းပမယ့်ရက်ကို ‌ထပ်မံအသိပေးပါမယ်လို့ ဆိုပါတယ်။

အခုနှစ် ဇူလိုင်လက ဘန်ကောက်မြို့မှာ လုပ်ခဲ့တဲ့ အရင် ထိုင်းအစိုးရဟောင်း ဦးဆောင်တဲ့ ဘင်းမ်းစတက်အစည်းအဝေးကိုတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေထဲက တချို့နဲ့သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးအပါအဝင် နိုင်ငံတကာအကျိုးတူကိစ္စရပ်တွေဆောင်ရွက်ဖို့ ဆွေးနွေးတယ်ဆိုပြီး စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စည်းပွားရေးပူးပေါင်းဆောင်ရွက်မှုရှေ့ဆောင်အဖွဲ့(ဘင်းမ်စတက်)မှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ပြီး စားနပ်ရိက္ခာဖူလုံရေး ၊ ကျန်းမာရေး၊ စွမ်းအင် နဲ့ နည်းပညာ တို့အပါအဝင် ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို အဓိကထားဆွေးနွေးကြတာပါ။

လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင်ဟာ နိုင်ငံရေးရာထူးနဲ့ အာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်လည်းတားမြစ်ခံထားရတာဖြစ်ပါတယ်။