အောက်တိုဘာ ၈ ရက်ထိပ်တန်းသတင်းများ - မီဇိုရမ်မှာ မြန်မာ ၂ ဦးဆီကနေ မူးယစ်ဆေးတွေ ဖမ်းမိ

အိုက်ဇောမြို့ကနေ ဒေလီမြို့ကိုသွားမယ့် မြန်မာအမျိုးသမီးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ ဖမ်းမိတဲ့ မူးယစ်ဆေးတွေလို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ ပုံစာ, အိုက်ဇောမြို့ကနေ ဒေလီမြို့ကိုသွားမယ့် မြန်မာအမျိုးသမီးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ ဖမ်းမိတဲ့ မူးယစ်ဆေးတွေလို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရေးသားခဲ့သည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြန်မာ ၂ ဦးထံ ကနေ မက်သာဖက်တမင်း မူးယစ်ဆေးဝါးတွေကို ၂ ရက် ဆက်တိုက်ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မြန်မာအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဆီကနေ မက်သာဖက်တမင်း မူးယစ်ဆေးအခဲ ကီလို ၂၀ ကျော်ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံသဘောတူညီချက်အရ နှစ်နိုင်ငံနယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်တစ်လျှောက် ၁၆ ကီလိုမီတာအထိ လွတ်လွတ်လပ်လပ်သွားလာခွင့်ရနေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေပါဝင်နေတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခြေအနေဟာ မီဇိုရမ်ပြည်နယ်ကို မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းအဖြစ် တွင်ကျယ်လာမှာကို ပြည်နယ်ရဲတပ်ဖွဲ့က စိုးရိမ်နေပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်နယ်ရဲတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်တိုက်တွန်းသလို နှိမ်နင်းရေးကို ဖိဖိစီးစီးလုပ်ဆောင်မယ်လို့ လည်းပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ မက်သာဖက်တမင်း မူးယစ်ဆေးဝါးအခဲ ၃ ကီလိုဂရမ်ကို နယ်စပ်မှာ ဖမ်းမိထားပါတယ်။

မမိုးမြင့် နာရေးပြုလုပ်

နာရေးတက်ရောက်လာကြသူတွေ
ဓာတ်ပုံ ပုံစာ, နာရေးတက်ရောက်လာကြသူတွေ

ဘန်ကောက်မြို့က နာမည်ကျော် Siam Paragon ကုန်တိုက် သေနတ်ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူ ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ မမိုးမြင့်ရဲ့ စျာပနကို ဘန်ကောက်မြို့ ၊ နထွန်ဘူရီ က ဘုန်းကြီးကျောင်းမှာ ဒီနေ့မနက်ပိုင်းကပဲ ပြုလုပ်သွားပါတယ်။

နာရေးကို ကျန်ရစ်တဲ့မိခင်နဲ့ဆွေမျိုးတွေအပါအဝင် မြန်မာသံရုံးကတာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ပါတယ်။

မမိုးမြင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့မိခင် ဘန်ကောက်ကို ကိုယ်တိုင်လာပြီး စျာပနပြုလုပ်နိုင်အောင် မြန်မာသံရုံးက ကူညီခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ Siam Paragon ကုန်တိုက်မှာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ညနေပိုင်းတုန်းက အသက် ၁၄ နှစ်အရွယ် သေနတ်သမားလူငယ်က ပစ်ခတ်ခဲ့တာကြောင့် မမိုးမြင့်နဲ့ ခရီးသွား တရုတ်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၅ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ကုန်တိုက်ဘက်ကတော့ သေဆုံးသူ ၂ ဦးကို ထိုင်းဘတ်ငွေ ၅ သန်း၊ ဒဏ်ရာရသူ ၅ ဦးကို ထိုင်းဘတ်ငွေ ၃ သိန်းစီ ထောက်ပံ့သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ် ရထားပို့‌ဆောင်ရေး ကြိုပြင်ဖို့ စစ်ခေါင်းဆောင်ပြော

တာမွေက မလွှကုန်း ဘူတာဝင်းကို သွားရောက်ကြည့်ရှုနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ
ဓာတ်ပုံ ပုံစာ, တာမွေက မလွှကုန်း ဘူတာဝင်းကို သွားရောက်ကြည့်ရှုနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံအတွင်း နာရီနဲ့ချီကြာအောင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်နေချိန်မှာ ရထားပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုတဲ့စနစ်အဖြစ် ပြောင်းလဲပြေးဆွဲနိုင်အောင် ကြိုတင်ပြင်ဆိုဖို့ ဆိုပြီး မြန်မာစစ်ခေါင်းဆောင်က ပြောလာပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲက မြန်မာ့မီးရထားဌာနအောက် မလွှကုန်းဘူတာဝင်းမှာရှိတဲ့ ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ တွဲပြင်ရုံ၊ တံတားဘောင်အလုပ်ရုံနဲ့ ယန္တရားရုံတွေကိုမနေ့တုန်းက ရောက်ရှိချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ခေတ်မီတဲ့ရထားသယ်ယူပို့ဆောင်ရေးစနစ်ဖော်ဆောင်ဖို့ လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ မီးရထားစက်ခေါင်းဆောင်တွေထုတ်လုပ်ဖို့ လိုတဲ့အကြောင်း၊ ရထားပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုပြီး ပြောင်းလဲပြေးဆွဲနိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ ခရီးတိုနဲ့ ရန်ကုန်မြို့ပတ်လမ်းမှာ ပြေးဆွဲဖို့ ပြင်ဆင်နေတဲ့ RBE ရထားတွဲတွေကို လည်း သွားစစ်‌ဆေးခဲ့ပြီး အဲဒီရထားတွဲတွေက ဂျပန် ဝက်စ်ကော်ပိုရေးရှင်း(West Corporation)က မြန်မာ့မီးရထားကို လှူထားတဲ့ရထားတွဲ ၃၀ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းကတည်းက အောက်မြန်မာပြည်နဲ့ အထက်မြန်မာပြည်က ထောင်နဲ့ချီတဲ့မြန်မာ့မီးရထားဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ ရန်ကုန်မြို့က မြို့ပတ်ရထားခရီးစဥ်တွေအပါအဝင် မြန်မာ့မီးရထား ခရီးရှည်တွေကို အရင်လို ပြည့်ပြည့်ဝဝ ပြန်လည်လည်ပတ်အောင် မလုပ်ဆောင်နိုင်သေးပါဘူး။

အထက်မြန်မာပြည်မှာတော့ စစ်ကောင်စီဟာ စစ်မက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းကိုဖြတ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒါ့အပြင် ရန်ကုန်-တောင်ငူ ရထားလမ်းကိုလည်း ပြန်လည်ပြင်ဆင်တာတွေလုပ်နေတာကြောင့် ဒီပြင်ဆင် ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာအကူအညီတွေ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ဖွံ့ဖြိုးရေးရန်ပုံငွေ (JICA) လို အစီအစဥ်တွေ ဆက်ပြီးမပါဝင်ကြဖို့ မြန်မာ့အရေးစောင့်ကြည့်တဲ့အဖွဲ့တွေက တိုက်တွန်းနေပါတယ်။

ကလေးမြို့ တောင်ပိုင်းမှာ မြေးအဖွား ၂ ဦး အသတ်ခံရ

သေဆုံးခဲ့သူ မြေးအဖွား ၂ ဦးထဲက အဖွားဖြစ်သူဟာ အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့သူ မြေးအဖွား ၂ ဦးထဲက အဖွားဖြစ်သူဟာ အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက စက္ကန့်ရွာကို စစ်ကောင်စီတပ်ဝင်ရောက်သွားခဲ့အပြီးမှာ အသတ်ခံထားရတဲ့ဒေသခံမြေးအဖွား ၂ ဦးအလောင်းကိုတွေ့ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

အင်အား ဆယ်ချီတဲ့ စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာကို မနေ့ မနက်ပိုင်းမှာ ရောက်ရှိချိန် ကလေးဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

‘’မနေ့မနက်ပိုင်းမှာ စက္ကန့်ရွာကို သူတို့(စစ်တပ်)လာမယ်ဆိုလို့ ပူးပေါင်းအဖွဲ့တွေက သွားတိုက်တာ မနက် ၇ နာရီကနေ ၉ နာရီကျော်အထိတိုက်ပွဲဖြစ်တယ်။ အင်အားမမျှလို့ နောက်ဆုတ်လာချိန်မှာ သူတို့ နေအိမ်တွေကို မီးရှို့သွားတယ်။ အဲဒီမှာ အဲဒီမြေးအဖွား ၂ ဦးလည်း အသတ်ခံခဲ့ရတာ’’ ကလေးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စက္ကန့်ကျေးရွာမှာ မြေးအဖွားနှစ်ဦး အသတ်ခံရပြီး အိမ်တွေ မီးရှို့ခံရတဲ့အကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ)ကလည်း သတင်းထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူ ၂ ဦးဟာ အသက် ၆၇ နှစ်အရွယ်အဖွားဖြစ်သူနဲ့ ၁၄ နှစ်အရွယ် မြေးဖြစ်သူတို့ဖြစ်ပြီး အလောင်းတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စက္ကန့်ကျေးရွာအနီးက တောင်ဖီလာတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတိုက် ခိုက်နေတာကြောင့် သတိနဲ့သွားလာကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

အသတ်ခံရတဲ့မြေးအဖွား ၂ ဦးဟာ ဆေးလာကုသူတွေဖြစ်ပြီး သူတို့အလောင်းရော၊ ဆိုင်ကယ်ပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။

မနေ့က စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့် စက္ကန့်ကျေးရွာအပါအဝင် မြောင်းဆုံ၊ အရှေ့စံသာ၊ အနောက်စံသာနဲ့ သာယာကုန်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စက္ကန့်ကျေးရွာအပါအဝင် အင်ဒိုင်းကုန်း၊ သာစည် ကျေးရွာတွေဟာ ကလေးမြို့အထွက်မှာရှိတာကြောင့် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ မကြာခဏကြုံရပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဒဏ်လည်း ခံရတဲ့ရွာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း စက္ကန့်ကျေးရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် အသက် ၂၀ ကျော်အရွယ် ဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့ပါတယ်။