အမေရိကန်နဲ့တရုတ် တင်းမာမှုတွေ လျှော့ချရေး ဆွေးနွေးနဲ့ ဇွန်လ ၁၉ ရက် ညပိုင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး တိုးတက်ပြီး တင်းမာမှုတွေလျော့ချဖို့ ရည်ရွယ်ပြီး တရုတ်ကို လာခဲ့တဲ့ ခရီးစဉ် ၂ ရက်အတွင်းမှာ သူ့အနေနဲ့ ပွင့်လင်းတဲ့ အနှစ်ပါတဲ့ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေကို ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင် ပြောသလိုပဲ မစ္စတာ ဘလင်ကင်ကလည်း သူတို့ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တည်ငြိမ်ဖို့ လိုအပ်ကြောင်းက နှစ်ဖက်လုံးက သဘောတူခဲ့ ကြတယ် လို့ မစ္စတာ ဘလင်ကင်က ပြောပါတယ်။
ထိုင်ဝမ်နဲ့ ပတ်သက်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် အနေနဲ့ အရင်ရှေးကတည်းက ချမှတ်ထားခဲ့တဲ့ တရုတ် နိုင်ငံတခုတည်း ဆိုတဲ့ ပေါ်လစီ အတိုင်း ဆက်ရှိ နေတယ်ဆိုတာကို ထပ်လောင်းပြောသွားပါတယ်။
သူတို့အနေနဲ့ ထိုင်ဝမ်အရေးကိစ္စ နဲ့ ရှင်ကျန်း၊ တိဘက်၊ ဟောင်ကောင်တို့က လူ့အခွင့် အရေး ချိုးဖောက်ခံရမှုတွေ အတွက် စိုးရိမ်မှုတွေကို ပြောဆိုခဲ့ပြီး တစ်ဖက်က မတူညီတဲ့ အမြင်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့လည်း သူက ပြောပါ တယ်။
ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ တရုတ်ကို စီးပွားရေးအရ ဝိုင်းပတ် ပိတ်ပင်တာမျိုး မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ယူကရိန်းထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, BBC/DARREN CONWAY
နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ်ပြုလုပ်ပြီး လွတ် မြောက်စေလိုက်တဲ့ ရွာတခုကနေ ဘီဘီစီ သတင်းထောက် တယောက်က ဒီ အနီး အနား အရပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ နှစ်ဖက်စလုံး ထိခိုက် သေဆုံးတာတွေ များတယ်လို့ သတင်းပို့ပါတယ်။
ဒွန်းညက်စ် တောင်ပိုင်းမှာ ရှိတဲ့ ရုရှားအထိုင်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ ယူကရိန်း တပ်တွေရဲ့ ရှေ့ကိုတိုးလာမှုက တိုးလာလိုက် ရပ်သွားလိုက် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
နှစ်ဖက်စလုံးက အမြောက်တွေနဲ့ ပစ်နေပြီး ရုရှားက လေကြောင်းကလည်း အသာ စီး ယူထားတဲ့အတွက် ယူကရိန်း ခြေလျင်တပ်တွေ အခက်ကြုံနေရတယ်လို့ သူက ဆိုပါတယ်။
နိုဗို ဒွန်းညက်စ် ရွာနားကို ယူကရိန်းတပ်တွေ ကပ်ဖို့ ကြိုးစားခဲ့ပြီး သူတို့ တပ်တွေက ဟန့်တား တိုက်ထုတ်ပစ်လိုက်တယ်လို့ ရုရှား က ပြောပါတယ်။
ယူကရိန်းကလည်း နိုင်ငံတောင်ပိုင်းမှာ ရွာတရွာကို သူတို့ ပြန်သိမ်းနိုင်ပြီး ဒီရွာဟာ ပြန်သိမ်း နိုင်တဲ့ ၈ ရွာမြောက်ရွာဖြစ်တယ်လို့ ပြောပါတယ်။
နစ်မြုပ်သွားတဲ့ ဂရိသင်္ဘောကိစ္စ လူမှောင်ခိုမသင်္ကာခံရသူ အီဂျစ် ၉ ယောက်ကို ရုံးထုတ်

ဓာတ်ပုံ ရင်းမြစ်, Greek Coast Guard
ဂရိ ကမ်းခြေကနေ ရာပေါင်းများစွာသော ရွေ့ပြောင်း ဝင်ရောက်သူတွေကို တင် ဆောင်လာခဲ့ပြီး နောက်ပိုင်း ပင်လယ်တွင်းမှာ အရင်သီတင်းပတ်က တိမ်းမှောက်နစ်မြုပ်သွားတဲ့ ကူးတို့ သင်္ဘော ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိခဲ့သူတွေ အဖြစ် မသင်္ကာခံရသူ အီဂျစ် နိုင်ငံသား ၉ ယောက် ကို ဒီနေ့ ရုံးထုတ် ခဲ့ပြီး သူတို့က အပြစ် မရှိကြောင်း လျှောက်လဲပါတယ်။
အဲဒီသင်္ဘောနစ်မြုပ် ခဲ့လို့ အနည်းဆုံး လူပေါင်း ၇၈ ယောက် သေဆုံးခဲ့ရပြီး အဲဒီလူတွေကို လူမှောင်ခိုကူးမှု အပါအဝင်အခြား ကျူးလွန်မှုတွေနဲ့ တရားစွဲ ထားပါတယ်။
ပင်လယ်ထဲမှာ လူရာနဲ့ချီပြီးလည်း ပျောက်ဆုံးနေဆဲပါ။
သံသယ တရားခံတွေဟာ မနက်ဖြန် တရားရုံးကို ပြန်လာရမှာ ဖြစ်ပြီး သူတို့ ကို တရား စီရင်တဲ့ အချိန် မတိုင်မီ အထိ အချုပ်ထဲမှာ နေရမယ်၊ မနေရဘူး ဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။



















