ABSDFဗဟိုကော်မတီဝင် ကိုမင်းဌေးပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Ko Thet Hmu
မတရားသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ် တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။
ဒီအမှုကို ၂၇ ကြိမ်မြောက်အနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့က ရုံးတင် စစ်ဆေးရာမှာ မတရားအသင်း ဆက်သွယ်မှု ပုံစံ မမြောက်တဲ့အတွက် အပြစ်မရှိဘူးဆိုပြီး တရားရုံးက ဆုံးဖြတ်လိုက်တာပါ။
ကချင် လွတ်လပ်ရေး တပ်မတော် KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဗန်းမော် အကျဉ်းထောင်မှာ ၈ လကြာ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ ကိုမင်းဌေးဟာ အခုလို တရားရုံး ဆုံးဖြတ်ချကြောင့် ထောင်က ပြန်လွတ်လာပြီ ဖြစ်ပါတယ်။
ဒီအမှုကို စစ်ဆေးရာမှာ ကိုမင်းဌေးက KIA အဖွဲ့ဝင်တွေနဲ့ တွဲရိုက်ထားတဲ့ပုံကို တရားလိုဘက်က သက်သေအဖြစ် တင်ပြခဲ့ပြီး ကိုမင်းဌေးဘက်ကလည်း ABSDF ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထားထားတဲ့ အဖွဲ့ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ သက်သေခံ စာရွက်စာတမ်းတွေ တင်ပြခဲ့တယ်လို့ ကိုမင်းဌေးက ဘီဘီစီကို ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး မျှမျှတတ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို တင်ပြခဲ့ဖူးပြီး တရားဥပေဒေ အတိုင်း ဆောင်ရွက်မယ်လို့ အကြောင်းပြန်ချက် ရခဲ့တယ်လို့လည်း ကိုမင်းဌေးက ပြောပါတယ်။
မတရားသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ပဲ တရားရင်ဆိုင်နေရတဲ့ DVB နဲ့ ဧရာဝတီက သတင်းထောက်သုံးဦးဟာလည်း ကိုမင်းဌေးနဲ့ တရက်တည်း ပြန်လည် လွတ်မြောက်လာပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အမှုမှာ အစိုးရတပ်မတော်ဘက်က အမှု ကျေအေး ရုပ်သိမ်းမှုကြောင့် ပြန်လွတ်လာတာဖြစ်ပြီး ကိုမင်းဌေးရဲ့ အမှုမှာတော့ အမှု ပုံစံ မမြောက်ဘူးဆိုတဲ့ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ပြန်လွတ်လာတာလို့ ကိုမင်းဌေးက ပြောပါတယ်။















