မြန်မာရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ်ဘက်မရောက်

ရခိုင်
ဓာတ်ပုံ ပုံစာ, နယ်နမိတ် ခြံစည်းရိုး အပြင်ဘက်မှာ ရှိတဲ့ မြန်မာပိုင်နေရာတွေကို သွားရောက် ကူညီမှုတွေ ရှိခဲ့ပေမယ့် တဖက်နယ်နမိတ် မကျော်ခဲ့
ရေးသားခဲ့သည်။

မြန်မာအစိုးရက ရခိုင်ဒေသအတွင်း လုံခြုံရေး ဆောင်ရွက်ရာမှာ စစ်ရဟတ်ယာဉ်တွေ နယ်စပ်ကို ကျူးကျော်မှု ရှိတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲမှုတွေကို ရဲမှူးချုပ် သူရစန်းလွင်က ငြင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ရဟတ်ယာဉ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ မြန်မာနယ်စပ်အတွင်း လုံခြုံရေးနဲ့ အကူအညီပေးရေး ကိစ္စတွေ လုပ်ရာမှာ နယ်နမိတ် ခြံစည်းရိုး အပြင်ဘက်မှာ ရှိတဲ့ မြန်မာပိုင် ကျီးကျွန်းစခန်းအပါအဝင် တခြား မြန်မာပိုင်နေရာတွေကို သွားရောက် ကူညီမှုတွေ ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်နမိတ်ဘက်ကိုတော့ မကျူးကျော်ခဲ့ဘူးလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာစစ်ရဟတ်ယာဉ်တွေဟာ သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်သာမက စက်တင်ဘာလ ၁ ရက်နေ့မှာလည်း ဘင်္ဂလားဒေ့ရှ် နယ်နမိတ် အူးခီးယားဘက်ကို ကျူးကျော်ခဲ့တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြို့တော် ဒါကာမှာရှိတဲ့ မြန်မာသံရုံးကို ကန့်ကွက်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း လုံခြုံရေး ဆောင်ရွက်ရာမှာ မောင်တောတောင်ပိုင်းမှာရှိတဲ့ မွတ်ဆလင်ရွာတွေက အကြမ်းဖက်သမားတွေကို လက်မခံပဲ ပူးပေါင်း ဆောင်ရွက်ဖို့ အကြောင်းကြားတာတွေ ရှိခဲ့တယ်လို့လည်း ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆက်သွယ်ရေးလမ်းကြောင်း ရှင်းလင်းဖို့အတွက် မိုင်းရှင်းတာတွေ လုပ်ဆောင်နေသလို တိုက်ပွဲ ဖြစ်တာတွေ မရှိပေမယ့် နယ်မြေလုံခြုံရေး စိုးရိမ်တဲ့အတွက် လုံခြုံရာကို ထွက်ပြေးသူတွေ ရှိနေပြီး အရေအတွက်ကတော့ လုံခြုံရေးကိုပဲ တာဝန်ယူရတဲ့အတွက် သိရှိနိုင်ခြင်း မရှိဘူးလို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့ ၈ ရက် အတွင်းမှာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် ခြောက်သောင်း နီးပါးရှိပြီလို့ ခန့်မှန်းထားပြီး နောက်ထပ် ဒုက္ခသည် အရေအတွက် တိုးလာရင် နယ်စပ်မှာ နေထိုင်စရာ စီစဉ်ဖို့ အခက်အခဲကြီးလာမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗီဗီယန် တန်က ပြောဆိုထားပါတယ်။