လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ် ပျောက်

army
ဓာတ်ပုံ ပုံစာ, ပုသိမ်-ဟင်္သာတ-ဂွ- ပုသိမ်လမ်းကြောင်းအတိုင်းပျံသန်းစဉ် ပျောက်ဆုံး
ရေးသားခဲ့သည်။

တပ်မတော်ပိုင် လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစင်းဟာ ပျံသန်းနေစဉ်အတွင်း ဒီကနေ့မနက်က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ်လေဆိပ်ကနေ ပျံသန်းလာတဲ့ ဂျီ -၄ အမျိုးအစား ဂျက်လေယာဉ်ဟာ ဧရာဝတီတိုင်း မြို့တော် ပုသိမ်ရဲ့ အနောက်မြောက်ဘက် ၃၆ မိုင်အကွာမှာ လေကြောင်းထိန်းသိမ်းရေး ဌာနနဲ့ အဆက်အသွယ် ပြတ်တောက် သွားခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပုသိမ်ကနေ ဒီကနေ့ မနက်ပျံသန်းလာတဲ့ ဂျီ -၄ ဂျက်လေယာဉ် ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်တဲ့ ဂျက်လေယာဉ်ဟာ ပုသိမ်-ဟင်္သာတ-ဂွ- ပုသိမ်လမ်းကြောင်းအတိုင်းပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ် အချိန်မှာ ပျောက်ဆုံးခဲ့တာပါ။

တပ်မတော်ရဲ့ ဒီကနေ့ နေ့လယ်ပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို လေယာဉ် ၊ ရဟတ်ယာဉ်နဲ့ မြေပြင်တပ်တွေ အသုံးပြုပြီးရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ဟာ လေယာဉ်မှူး ဗိုလ်မှူး အောင်ကောင်းထိုက် မောင်းနှင်ခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဂျီ -၄ လေယာဉ်တွေဟာ အရင် ယူဂိုဆလားဗီးယားခေတ်မှာကတည်းက ထုတ်လုပ်ခဲ့တဲ့ လေယာဉ်တွေဖြစ်ပြီး ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက် ဆားဘီးယားနိုင်ငံက ထုတ်လုပ်နေတဲ့ လေယာဉ်အမျိုးအစားတွေလည်း ဖြစ်ပါတယ်။

သာပေါင်းမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်က လေယာဉ်ကို ရှာဖွေနေတယ်ဆိုတဲ့ နေရာဟာ ဧရာဝတီတိုင်းနဲ့ ဂွမြို့နယ် နယ်စပ်နားက ကျောက်ချွန်းဆိုတဲ့ ကျေးရွာနားမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တပ်မတော်လေယာဉ် ဖြစ်တဲ့ ခရီးသည်တင် Y-8 လေယာဉ်ဟာ ပင်လယ်ထဲပျက်ကျခဲ့တဲ့အတွက် ခရီးသည် ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

၂၀၁၆ ခုနစ် ဖေဖော်ဝါရီလအတွင်းကလည်း လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ် ဘီ-၁၉ဝဝ ဟာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။