၁၅ နှစ်လောက် တိုက်ခဲ့တဲ့ ဝ နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ကိုယ်စားလှယ်တွေ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Wa News
နှစ်ဘက် တပ်ဖွဲ့အကြား ၁၅ နှစ်လောက် တိုက်ပွဲဖြစ်ခဲ့တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ကိုယ်စားလှယ်တွေအကြား ဝ ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံ ဆွေးနွေးမှု တရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ အပတ်တွေအတွင်းက ပန်ဆန်းမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် အဓိက ရည်ရွယ်ဆွေးနွေးခဲ့တာလို့ အာစီအက်စ်အက်စ်ရဲ့ အကြံပေးဖြစ်တဲ့ ဦးခွန်ဆိုင်းက ပြောပါတယ်။
ရလာဒ်ကောင်းတယ်လို့ ဦးခွန်ဆိုင်းက ပြောပေမဲ့ ဘယ်လို ကိစ္စတွေကို အဓိကထားဆွေးနွေးတယ် ဆိုတာကတော့ အသေးစိပ်ပြောဆိုခြင်း မရှိပါဘူး။
ဗိုလ်မှူးကြီးစိုင်းဟန်ဦးဆောင်တဲ့ အာစီအက်စ်အက်စ် ကိုယ်စားလှယ်တွေနဲ့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ပဏာမအဆင့် အလွတ်သဘော ဆွေးနွေးမှုလည်းဖြစ်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း အာစီအက်စ်အက်စ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
အာစီအက်စ်အက်စ်နဲ့ ဝ တပ်ဖွဲ့တို့ဟာ အာစီအက်စ်အက်စ် အဖွဲ့မဖြစ်လာခင် ဦးခွန်ဆာရဲ့ MTA လက်ထက် ၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေကတည်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဦးခွန်ဆာ အလင်းဝင်ပြီးနောက် ဦးယွက်စစ်ရဲ့ SURA ၊ RCSS/SSA အဖွဲ့နဲ့ ဆက်လက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဝ က စစ်အစိုးရလက်ထက်မှာ အပစ်ရပ်ထားတဲ့အတွက် ဝ နဲ့အတူ တပ်မတော်တပ်ရင်းတွေ ပူးပေါင်းပြီး ရှမ်းလက်နက်ကိုင်ကို တိုက်ခိုက်ခဲ့ပါတယ်။
၂၀ဝ၆ ခုနစ်အထိ ဖြစ်ခဲ့တဲ့ အာစီအက်စ်အက်စ်နဲ့ ၀ တိုက်ပွဲတွေအတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီကျဆုံးခဲ့သလို ထိုင်းနယ်စပ်မှာနေတဲ့ အာစီအက်စ်အက်စ်နဲ့ တပ်မတော်အစိုးရက ဘယ်တော့မှမဆွေးနွေးဆိုတဲ့ မူကိုလည်း စစ်အစိုးရဘက်က ချမှတ်ခဲ့ပါတယ်။
ဝ နဲ့ အာစီအက်စ်အက်စ် အကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့တာက ၂၀၁၀ ဝန်းကျင်မှာ ဖြစ်ပြီး ယူနန်အစိုးရတာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုနှင့် နှစ်ဘက် တပ်ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ခဲ့တာပါ။
အဲဒီနောက်ပိုင်း ၂၀၁၂ ခုနစ်မှာ ရှမ်းရွာသားတွေကို ဝ တောင်ပိုင်းအဖွဲ့ဝင်တွေက ဖမ်းဆီးမှုကြောင့် အနည်းငယ်တင်းမာသလိုဖြစ်ခဲ့ပေမဲ့ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး ရွာသားတွေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
နှစ်ဘက် တပ်ဖွဲ့အကြား နောက်ပိုင်းနှစ်တွေအတွင်း တိုက်ပွဲတွေမရှိပေမဲ့ ဝ တပ်ဖွဲ့နဲ့ နီးစပ်တဲ့ တအာင်းပလောင် အမျိုးသားတပ်မတော်နဲ့ RCSS/SSA အကြားမှာတော့ နယ်မြေ အငြင်းပွားမှုကို အကြောင်းပြုပြီး ၂၀၁၅ ခုနစ်မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။
ပန်ဆန်းမှာ လုပ်ခဲ့တဲ့ အခုတွေ့ဆုံ ဆွေးနွေးမှုအတွက် အာစီအက်စ်အက်စ် ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဝ ဥက္ကဌ ပေါက်ယူချန်းထံ ငြိမ်းချမ်းရေးအတွက် အာစီအက်စ်အက်စ်ရဲ့ သဘောထားအဆိုပြုလွှာကို ကိုယ်စားလှယ်တွေကတဆင့် ပေးခဲ့ပါတယ်။
တရုတ်မြန်မာ နယ်စပ်အရေး လေ့လာသူတဦးကတော့ အာစီအက်စ်အက်စ်နဲ့ ဝ တပ်ဖွဲ့အကြား တွေ့ဆုံမှုဟာ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခတွေ ဖြေရှင်းဖို့ကော ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအခွင့်အရေးအတွက် အစိုးရနဲ့ စကားပြောဆိုဖို့ပါ အထောက်အကူပြုလာမှာဖြစ်တယ်လို့ ဘီဘီစီကို ပြောဆိုပါတယ်။



















