လူ့အခွင့်အရေး မဟာမင်းကြီး အင်တာဗျူး

ဓာတ်ပုံ ရင်းမြစ်, EPA
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် လိဒူးဆက်က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇာအိဒ် အယ်လ် ဟူစိန် Zeid Ra'ad Al Hussein ကိုတွေ့ဆုံပြီး ရိုဟင်ဂျာပြဿနာအတွက် ဘာဆက်လုပ်နိုင်မလဲ ဆိုတာ မေးမြန်းခဲ့ ပါတယ်။
မြန်မာဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ဘီဘီစီက မေးမြန်းရာမှာ ရိုဟင်ဂျာတွေဟာ သူတို့အိမ်ကို သူတို့ မီးရှို့ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အစိုးရကပြောတဲ့အထဲမှာတော့ ရိုဟင်ဂျာတွေဟာ အစွန်းရောက်တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအပေါ် ဘယ်လိုတုန့်ပြန်ချင်ပါလဲ။
ဒါက ယုံနိုင်စရာမရှိပါဘူး။ အဲသလိုဆိုရင် ကျနော်တို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကို ဝင်ခွင့်ပေးလိုက်ပါ။ ကျနော့်ရုံးကလူတွေ ကော့ဇ် ဘဇားမှာရှိပါတယ်။ လက်တွေ့ တကယ်တန်းဘာတွေဖြစ်နေတယ်ဆိုတာ သိရအောင် သူတို့ကိုဝင်ခွင့်ပေးလိုက်ပါ။
ပြေးလာတဲ့သူတွေကို မေးမြန်းစုံစမ်းချက်တွေ ၊ ဂြိုဟ်တုက ရုပ်ပုံတွေ ၊ ပြီးခဲ့တဲ့နှစ်တုန်းက ကျနော်တို့ကိုယ်တိုင်လုပ်ခဲ့တဲ့ စုံစမ်းလေ့လာချက်တွေကိုကြည့် ရင် သိပ်ရှင်းပါတယ်။ ၅၅ နှစ်လုံးလုံး ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေ၊ အခြေခံအကျဆုံးအခွင့်အရေးတွေကိုတောင် ငြင်းပယ်ခဲ့တာတွေရဲ့နောက်ဆက်တွဲ ဖြစ်ရပ်ဆိုတာ သိပ်ရှင်းပါတယ်။ အမြဲတန်းတန်ပြန်တုန့်ပြန်မှုဆိုတာ ရှိစမြဲပါ။ အကြမ်းနည်းနဲ့တိုက်ခိုက်မှုကို ကျနော်တို့ မထောက်ခံပါဘူး။ လုံးဝ မထောက်ခံပါဘူး။ ဒါပေမယ့် တန်ပြန်တုန့်ပြန်မှုဆိုတာရှိစမြဲဖြစ်ပါတယ်။ ဒီလိုတုန့်ပြန်မှုတွေကြောင့် လူသေဆုံးမှုတွေဖြစ်ခဲ့ရသလို လူအမြောက်အများကို အစုလိုက်အပြုံလိုက် မောင်းထုတ်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အခုသူတို့ဒီလိုပြောနေတာတွေဟာ ဖြစ်ရပ်မှန်ကို ငြင်းဆန်နေတာပဲ။ ကျနော်တို့ကို ဝင်ခွင့်မပေးရင် ဒါတွေဟာ ရှင်းလင်းသွားပါလိမ့်မယ်လို့ ကျနော်တို့ပြောပါတယ်။ ဒါပေမယ့် သူတို့က ခွင့်မပြုပါဘူး။
ဒါဆို ဘာဆက်လုပ်နိုင်မလဲ။
အ တွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ကို ကျနော်တို့ ထောက်ခံပါတယ်။ လုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အပျော့ညံ့ဆုံးပုံစံနဲ့ ဖော်ပြပြောဆိုတဲ့ ကြေညာချက်ပါ။ ကျနော်တို့ တကယ်တန်းလိုအပ်တဲ့ ဆုံးဖြတ်ချက်အဖြေမျိုးက အချက်တချို့ ပါဝင်ရပါမယ်။ အဲဒါတွေကတော့ သတ်ဖြတ်မှုတွေ ချက်ချင်းရပ်ရမယ်။ အဲသလို သတ်ဖြတ်မှုတွေချက်ချင်းရပ်ဆိုင်းနိုင်အောင် ကုလသမဂ္ဂက ကူညီနိုင်မယ့် ယန္တရားမျိုးရှိရမယ်။ မောင်းထုတ်ခံရတဲ့သူတွေအားလုံး ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရမယ်။ အဲဒါတွေအားလုံးကို အကောင်အထည်မဖော်ရင် လုံခြုံရေးကောင်စီက နောက်ထပ် အရေးယူမှုထပ်လုပ်သင့်တယ်။
ဘယ်လိုအရေးယူမှုမျိုးလဲ။ ပိတ်ဆို့အရေးယူမှုလိုဟာမျိုးလား။
ဟုတ်ကဲ့။ တော်တော်လေးဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဖိအားတွေကို ဆက်ပေးနေရပါမယ်။ ဘာလို့လဲဆိုတော့ ယုံနိုင်စရာ အခြေအနေမရှိလို့ပါ။
အများပြည်သူကြားထဲမှာ ငြင်းခုံတိုက်ခိုက်မှု တွေက သိပ်ပြင်းထန်နေပါတယ်။ အဲဒါကို ဖြေရှင်းလို့ရနိုင်ပါ့မလား။ ဘယ်လိုလုပ်မလဲ။ ဆွေးနွေးပြောဆိုကြမလား။
ဆွေးနွေးပြောဆိုတာတွေလုပ်နိုင်ပါတယ်။ ထင်ရှားတာတခုကတော့ ဒီအခြေအနေကို ဒီအတိုင်းပစ်ထားရင်တော့ ပိုပြီး ကျယ်ပြန့်ကြီးမားတဲ့ ထိပ်တိုက်တိုးမှုတွေဖြစ်လာနိုင်ပါတယ်။ လုံခြုံရေးကောင်စီကလည်း ဒီကိစ္စကို ခိုင်ခိုင်မာမာ မရပ်တည်ရင် အနိမ့်ဆုံးအဆင့်ကတော့ အစွန်းရောက်သမားတွေကို ပိုပြီး လမ်းဖွင့်ပေးသလိုရှိပါလိမ့်မယ်။
ဆိုတော့ ပြောချင်တာက ပိုပြီး အစွန်းရောက်ကုန်နိုင်တယ်ပေါ့။
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာအစိုးရက ပြောနေတာကလည်း အဲဒါပဲ မဟုတ်လား။ သူတို့ဟာ အစွန်းရောက်ဝါဒနဲ့ ချိတ်ဆက်မှုရှိနိုင်တယ်လို့ ပြောနေတာပဲ မဟုတ်လား။
ရာဇဝတ်မှုတွေကို ဖန်တီးရင်တော့ အုံကြွတွေ ဖြစ်လာလိမ့်မယ်ဆိုတာ ကိုလည်း မျှော်လင့်ထားရမှာပါ။ အုံကြွမှုတွေဖြစ်လာတော့အဲဒါကို အကြောင်းပြပြီး လူတွေကို မောင်းထုတ်ပါတယ်။ ဖြစ်စဉ်က သိပ်ရှင်းပါတယ်။
ရိုဟင်ဂျာ တချို့ဟာ အဲဒီအာဆာသူပုန်နဲ့ ပူးပေါင်းမှုရှိလိမ့်မယ်ဆိုတာ ကျနော် သံသယမရှိပါဘူး။ အကြမ်းနည်းနဲ့တိုက်ခိုက်တာကို ကျနော်တို့ ရှုတ်ချပါတယ်။ ဒါပေမယ့် အစိုးရကလည်း ရိုဟင်ဂျာတွေ အကုန်လုံးကို သိမ်းကြုံးပြီး အကြမ်းနည်းသုံးတိုက်ခိုက်နေတာပဲ။ အဲဒါဟာ ဒေသတခုလုံးကိုပါ ဂယက်ရိုက်သွားတာ တော်တော်ထင်ရှားပါတယ်။



















