မြန်မာသတင်းထောက်တွေ ဘင်္ဂလားဒေ့ရှ်ထောင်ထဲက လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, GEO
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာ ဓာတ်ပုံ သတင်းထောက် နှစ်ယောက် ဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ အာမခံရပြီး ထောင်ကနေ လွတ်လာခဲ့ပြီလို့ သူတို့ရဲ့ ရှေ့နေ အဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။
ကော့စ်ဆက်ဘဇား ခရိုင် တရားရုံးက အာမခံ ပေးလိုက်တဲ့ အတွက် စက်တင်ဘာလ ၂၂ ရက် ညပိုင်း ၁ဝ နာရီ ဝန်းကျင်မှာပဲ ထောင်ထဲကနေ လွတ်လာတာ ဖြစ်တယ် ဆိုပြီး သူတို့ရဲ့ ဥပဒေ ကိုယ်စားပြု တရားရုံးချုပ်ရှေ့နေ ဂျိုတီမွိုင် ဘရူးဝါးက ပြောပါတယ်။
နိုင်ငံကူး လက်မှတ် အပါအဝင် ပိုင်ဆိုင်တဲ့ ပစ္စည်း အများစုကို ပြန်ပေးပေမယ့် မိုဘိုင်းဖုန်း နဲ့ ကင်မရာလိုမျိုး ပစ္စည်းတွေကိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ထိန်းသိမ်း ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ စနေနေ့၊ စက်တင်ဘာ ၂၃ ရက် နေ့မှာတော့ မြန်မာ သတင်းထောက် နှစ်ယောက်ဟာ အားလုံးနဲ့ ပြောဆို ဆက်သွယ်ရ လွယ်ကူအောင် ဒါကာမြို့တော် ကို လာနေကြပြီလို့ ရှေ့နေ မစ္စတာ ဘရူဝါက ပြောပါတယ်။
သူတို့ အမှု ကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်ရဲတွေက ဆက်လက် စုံစမ်း နေတဲ့ အတွက် ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာ ထွက်မလာမချင်းတော့ နောက်တဆင့် ဘာဆက်ဖြစ်မလဲ ဆိုတာ ဘယ်တော့ ဖြစ်မလဲ ဆိုတာ ပြောဖို့ခက်ပြီး စောင့်ကြည့်ရဦးမယ်လို့လည်း မစ္စတာ ဘရူဝါက ဆိုပါတယ်။
အဲဒီ သတင်းထောက် နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ စေလွှတ် ခဲ့တဲ့ ဂျာမနီ နိုင်ငံက GEO မဂ္ဂဇင်းကတော့ သူတို့ သတင်းထောက်တွေ အပေါ် စွဲထားတဲ့ ပုဒ်မတွေ အားလုံးကို တရားရုံးက ပလပ် ပေးလာ နိုင်တယ် ဆိုပြီး မျှော်လင့် နေပါတယ်။
ရှေ့နေ ဖြစ်တဲ့ မစ္စတာ ဘရူဝါကတော့ တရားရုံးက အမှုတွေကို ရုပ်သိမ်းဖို့ ဆိုတာ ထွက်လာမယ့် ရဲ အစီရင်ခံစာ အပေါ် မူတည်ပြီး သတင်းထောက်တွေ အပေါ် ဆက်ပြီး စွပ်ဆွဲမှုတွေ ရှိမရှိ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၇ ရက် ကစပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ခံထားရတဲ့ မြန်မာ သတင်းထောက် နှစ်ယောက်ဟာ ပထမ တကြိမ် အာမခံ အငြင်း ခံခဲ့ရပြီးတဲ့နောက် အခုတကြိမ်မှာတော့ အာမခံ ရလိုက်တာ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်ကို ၁၉၄၆ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားသားဥပဒေပုဒ်မ ၁၄၊ ဘင်္ဂလားဒေ့ရှ် ဥပဒေပုဒ်မ ၁၇၇ အစိုးရ အစိုးရအရာရှိတွေကို မမှန်မကန် အချက်အလက်ပေးမှု၊ ပုဒ်မ ၁၁၉ ဘယ်သူဘယ်ဝါဆိုတာ အမှန်အတိုင်း မပြောပဲ ထိန်ချန်ထားမှုစတဲ့ စွဲချက်တွေနဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။



















