မောင်တောမြို့ ရိုဟင်ဂျာအိမ်တချို့ မီးရှို့ခံရ

သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်နောက်ပိုင်း အိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပုံ
ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်နောက်ပိုင်း အိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပုံ
ရေးသားခဲ့သည်။

၂၀၁၇ ခု အောက်တိုဘာလ ၅ ရက်ညနဲ့ ၆ ရက်နေ့ခင်း၊ မောင်တောမြို့ မြို့မစျေးအနီး အမှတ် ၃ ရပ်ကွက်မှာ ရိုဟင်ဂျာတွေရဲ့ အိမ် ၂၃ လုံးမီးလောင်ကျွမ်းခဲ့ပါတယ်။

မီးလောင်ကျွမ်းတဲ့အိမ်တွေဟာ မီးကူးစက်လောင်ကျွမ်းလွယ်တဲ့ ကျူးကျော်အိမ်လို အိမ်အသေးစားတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ဘင်္ဂါလီတွေဟာ ကိုယ့်အိမ်တွေကိုယ် မီးရှို့ထွက်ပြေးတာဖြစ်တယ်လို့လည်း ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်ကလည်း အခုမီးဟာ ရှို့မီးဖြစ်ကြောင်း ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

မီးရှို့ထွက်ပြေးသူတွေကို ဖမ်းမိပြီလားလို့မေးရာမှာ မမိသေးဘူးလို့ ဦးတင်မောင်ဆွေက ဖြေပါတယ်။ ဒါပေမယ့် အဲဒီရပ်ကွက်ဟာ ဘင်္ဂါလီရပ်ကွက်ဖြစ်တဲ့အတွက် မီးရှို့သူဟာ သူတို့ကလွဲပြီး တခြားလူမဖြစ်နိုင်ဘူးလို့လည်း ဦးတင်မောင်ဆွေက ဆိုပါတယ်။

အဲဒီအိမ်တွေဟာ သြဂုတ်လ ၂၅ ရက် အရေးအခင်းနောက်ပိုင်းမှာ လူတွေထွက်ပြေးသွားကြတဲ့ အိမ်တွေဖြစ်တဲ့အတွက် နေထိုင်သူ မရှိဘူးလို့လည်း ဦးတင်မောင်ဆွေနဲ့ မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်တို့က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။