စစ်တပ်ကန့်သတ်မှုကြောင့် တနိုင်းမှာ ဆန်နဲ့ စက်သုံးဆီဈေးမြှင့်တက်

တနိုင်းဒေသ
ဓာတ်ပုံ ပုံစာ, ရိက္ခာအခက်အခဲဖြစ်တဲ့ တနိုင်းဒေသက စစ်ဘေးရှောင်တွေဆီ ဒေသခံ ကိုယ်စားလှယ်များ ဆန်သွားလှူခဲ့စဉ်
ရေးသားခဲ့သည်။

ကချင်ပြည်နယ် တနိုင်းဒေသမှာ ယခုရက်သတ္တပတ်အတွင်း ဆန်နဲ့စက်သုံးဆီ ဈေးနှုန်းမြှင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေလုံခြုံရေးကြောင့် ရွှေတူးဖော်မှုကိုလည်း တားမြစ်ထားတာကြောင့် အလုပ်အကိုင် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တနိုင်းဒေသမှာ စက်သုံးဆီ ၁ ဂါလံဈေးနှုန်း ကျပ် ၃၄၀ဝ ကနေ ၄၅၀ဝ ကျပ်အထိ မြင့်တက်လာတဲ့အပြင်၊ ၄ မိုင်လောက် ကွာဝေးတဲ့ ရှင်ဗွေယန်မြို့ကို သွားလာရာလမ်းမှာ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုသွားရောက်ဝယ်ယူရာမှာလည်း စက်သုံးဆီကို ၃ ဂါလံထက် ဝယ်ယူမှုမပြုရဘူးလို့ တပ်မတော်က ကန့်သတ်ထားကြောင်း သူတို့တွေက ပြောတာပါ။

ဒါ့အပြင် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ကို သွားလာရာလမ်းတလျှောက်မှာလည်း တပ်လုံခြုံရေး ကင်းစခန်းတွေ တိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေ ပိုပြုလုပ်လာတယ်လို့ တနိုင်းမြို့ဒေသခံ ဦးဂယ်လ်ကိုးက ပြောပါတယ်

တနိုင်းဒေသကိုသွားလာရာ လမ်းပိုင်းတစ်လျှောက်မှာ တပ်မတော် ဂိတ်စခန်းတွေ၊ ပြည်သူ့စစ် ဂိတ်စခန်းတွေ၊ ပုဂ္ဂလိက ငွေကောက်ခံတဲ့ဂိတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာတွေကလည်း နယ်မြေတည်ငြိမ်မှုကို အဟန့်အတားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်းဒေသမှာ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေရှိပြီး၊ KIA စစ်စခန်းတွေနဲ့ နီးကပ်နေလို့ ဆန်၊ စက်သုံးဆီ တင်သွင်းမှုကို အကန့်အသတ်နဲ့သာ တင်ပို့ဖို့ တပ်မတော်ကတားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုကန့်သတ်မှုက ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တနိုင်းမှာ ဆန်ဈေးက ရှင်ဗွေယန်ထက်ကြီးနေတယ်။ အထွေထွေအုပ်ချုပ်ရေးကတွက်တာကတော့ တနိုင်းမှာ လယ်မြေတွေ ရှိတယ် လူဦးရေနဲ့ဆိုရင် အကိုက်ပဲပေါ့လေ။ ဒါပေမဲ့လည်း မြေပြင်အနေအထားအရ မလောက်ငှဘူး။ ပြည်နယ်လွှတ်တော်မှာ နယ်လုံဝန်ကြီးကတော့ ကေအိုင်အေဆီကို စက်သုံးဆီနဲ့ ဆန်တွေ မရောက်စေချင်တဲ့အတွက်လို့ ဖြေသွားတယ်။ အခုကေအိုင်အို ကိစ္စမဟုတ်ပဲ ဒေသခံတွေအတွက် ဆန်ဈေး ၊ဓာတ်ဆီဈေးကြီးနေတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

ကန့်သတ်မှုတွေကို ဖြေလျော့ပေးဖို့ ပြည်နယ်လွှတ်တော်မှာ တောင်းဆိုခဲ့တာ ၂၀၁၇ ခုနှစ် မတ်လကတည်းက ဖြစ်ပေမဲ့ ပြည်နယ်အစိုးရဘက်က အခုချိန်ထိဆောင်ရွက်မပေးတာကြောင့် ဒီလိုပြသနာတွေထပ်မံ ဖြစ်ပေါ်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။