ညွှန့်ပေါင်း ဖွဲ့နိုင်ရေး မာကဲလ် ကြိုးပမ်းနေ

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာမာကဲလ် ဟာ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မှာ မဲက ပွတ်ကာသီကာ ပဲ နိုင်ခဲ့တဲ့ အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ဘာလင်မြို့တော် မှာ အရေးကြီးတဲ့ ဆွေးနွေး ညှိနှိုင်းပွဲ ကျင်းပခဲ့ပါတယ်။
မစ္စက်မာကဲလ် ရဲ့ Christian Democrats Party CDU ပါတီ ဟာ Christian Social CSU ပါတီ နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာ ဖြစ်တဲ့ အပြင် Green Party ဂရင်းပါတီ နဲ့ ရော လစ်ဘရယ်ပါတီ FDP ပါတီ တို့ကိုပါ ညွန့်ပေါင်း အစိုးရ ထဲ ထည့်သွင်းရမှာ ဖြစ်ပါတယ်။
Green Party ဂရင်းပါတီ နဲ့ ဖယ်ဒရယ် အစိုးရ ဖွဲ့ရေး အစီအစဉ် ဟာလည်း ပထမဆုံး အကြိမ် လုပ်ဆောင်မှု ဖြစ်ပြီး အဲဒီအတွက် Christian Social CSU ပါတီ နဲ့ ညှိနှိုင်းတဲ့ အခါ မှာ အဓိက အားဖြင့် ဒုက္ခသည် အရေးကိစ္စ ကို အပေးအယူ ညှိနှိုင်းရတာ ဖြစ်ပါတယ်။
တည်ငြိမ် ခိုင်မာပြီး အားကိုးရလောက်တဲ့ ဖယ်ဒရယ် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ အတွက် Christian Democrats Party CDU ပါတီ ဟာ Christian Social CSU ပါတီ Green Party ဂရင်းပါတီ နဲ့ ရော လစ်ဘရယ်ပါတီ FDP ပါတီ တို့နဲ့ပါ ပေါင်းစည်းရမှာ ဖြစ်တဲ့ အတွက် စေ့စပ်ညှိနှိုင်းတဲ့ အခါမှာ အခက်အခဲတွေ တွေ့ကြုံရမှာ ဖြစ်သလို ဒါတွေ ကို ကျော်လွှားနိုင်ဖို့ အတွက် အကောင်းဆုံး အဖြေ ကို ရအောင် ကြိုးစား ရှာဖွေ မှာပါ လို့ မစ္စက် မာကဲလ်က ပြောပါတယ်။
အထူးသဖြင့် ပြည်ပ မှ ဒုက္ခသည်တွေ လက်ခံ တဲ့ အပိုင်းမှာ ပြည်ဝင်ခွင့် ကို ပိုမိုထိန်းချုပ်မှု ပြုပါ့မယ် ဆိုတာကို မစ္စက်မာကဲလ် က ကမ်းလှမ်းလိုက်ရပြီး ဒါမှသာ သူ့ပါတီ အနေနဲ့ ခေါင်းဖေါ်နိုင်မှာ ဖြစ်သလို ပြင်ပ ခိုလှုံဝင်ရောက်လာသူတွေ အရေးကိစ္စ နဲ့ ပတ်သက်ပြီး လက်မခံချင်တဲ့ ရှေးရိုးစွဲ ပါတီ တွေ နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရေး အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ဒုက္ခသည်တွေ အရေအတွက် လက်ခံမှုကို မစ္စက်မာကဲလ် အစိုးရ အနေနဲ့ ကန့်သတ် ထိန်းချုပ်မှု ပြုမယ် ဆိုပေမဲ့ ဒီ ကိစ္စ ဟာ ပါတီငယ်တွေ နဲ့ အကြိတ်အနယ် ဆွေးနွေးရမဲ့ အချက် ဖြစ်နေပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ ကတော့ မစ္စက်မာကဲလ် အစိုးရ က ဆိုရှယ်ဒီမိုကရက်ပါတီ SPD နဲ့ ညွန့်ပေါင်း ဖွဲ့ရေးပဲ စဉ်းစားခဲ့ပေမဲ့ သူ့ပါတီ ဟာ မဲအများစု မရခဲ့ လို့ ဆိုရှယ်ဒီမိုကရက်ပါတီ ကလည်း ညွန့်ပေါင်း အစိုးရ ထဲ ဝင်ရေး ငြင်းပယ်ခဲ့ တဲ့ အတွက် အခုလိုပါတီ ငယ်တွေ ကို စည်းရုံးနေရတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ညွန့်ပေါင်း အစိုးရ ပေါ်ထွက်ရေး အပိုင်းမှာလည်း အခက်အခဲတွေ ရှိနိုင်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။




















