မူးယစ်တိုက်ဖျက်ရေး ဝေဖန်မှုတွေကြောင့် ရဲတပ်ဖွဲ့ ရာထူးလျှော့ချမှုတွေ ဒူတာတေးပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ဒူတာတေးလက်ထက်အတွင်းပြုလုပ်ခဲ့တဲ့ မူးယစ်တိုဖျက်ရေး လုပ်ငန်းစဉ်တွေဟာ အငြင်းပွားဖွယ် အခြေအနေတွေ ပေါ်ပေါက်ပြီး သွေးစွန်းမှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေတဲ့အတွက် မူးယစ်တိုက်ဖျက်ရေး ဦးဆောင်နေတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ရာထူးလျှော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်နေတဲ့ အေဂျင်စီက တာဝန်ရှိသူတွေကို တရားခွင် စစ်ဆေးမှုတွေတော့ မလုပ်ခဲ့ပါဘူး။
မစ္စတာ ဒူတာတေး စတင်တာဝန်ယူခဲ့တဲ့ မနှစ်ကစလို့ ဒီနှစ်အထိ စုစုပေါင်း ၃၈၅၀ ဦး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေအတွင်း သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မူးယစ်တိုက်ဖျက်ရေး လုပ်နေတဲ့ ရဲတပ်ဖွဲ့ကို အကျင့်ပျက်ခြစားမှု တွေရှိတယ်ဆိုပြီး ရာထူးဆိုင်းငံ့တာတွေ လုပ်ခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာတော့ မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေခဲ့ပါတယ်။
တောင်ကိုးရီးယားလုပ်ငန်းရှင်တဦးဟာ မူးယစ်တိုက်ဖျက်ရေး ရဲတွေရဲ့ ပြန်ပေးဆွဲ သတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် ရာထူးဆိုင်းငံ့မှုတွေ လုပ်ခဲ့တာပါ။
မူးယစ်ဆေးဝါး ၊ ရာဇဝတ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပေးမယ်ဆိုတဲ့ ကတိနဲ့ မစ္စတာ ဒူတာတေးဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။
မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေအတွင်း ရုံးတင်စစ်ဆေးမှုမရှိတဲ့ သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတကာက အဲဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပြီး အခုအခါမှာတော့ ဖိလစ်ပိုင်နိုင်ငံထဲမှာတင်ကိုပဲ ပြည်သူတွေက ဝေဖန်လာကြတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့သလို ဒူတာတေးကို ထောက်ခံတဲ့ တန်ပြန်ဆန္ဒဖော်ထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ အခုမြင်တွေ့နေရတဲ့ အနေအထားဟာ ဒူတာတေး အစိုးရအနေနဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအတွက် သူ့ရဲ့ အဆောက်အအုံကို ပြန်လည်တည်ဆောက်နေတဲ့ အနေအထားဖြစ်တယ်လို့ မနီလာရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဟောင်းဝပ်ဂျွန်ဆင်က သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းက မူးယစ်တိုက်ဖျက်တယ်ဆိုပြီး ဆယ်ကျော်သက်တွေ သေဆုံးခဲ့ရမှုဟာ လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ပေါက်စေခဲ့ပြီး ကက်သလစ် ဘုရားကျောင်းကနေလည်း ရှူတ်ချမှုကို ခံခဲ့ရပါတယ်။



















