၂၉ နှစ်သား SNLD ပါတီရဲ့ သမင်လည်ပြန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ထူထောင်တာဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ၂၉ နှစ် ပြည့်ပါပြီ။
၂၉နှစ်ပြည့်မွေးနေ့ပွဲကို ရန်ကုန်မရမ်းကုန်းက အောင်မြေဘုံစံ ရှမ်းဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့သလို ရှမ်းပြည်နယ် တောင်ကြီး၊ တာချီလိတ်နဲ့ မူဆယ်မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဟာ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆွေးနွေးချက်တွေကို အလေးမထားဘဲ တပ်မတော်က သူတို့လုပ်ချင်ရာကိုသာ လုပ်သွားခဲ့တယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။
၂၀၀၄ ခုနှစ် ညောင်နှစ်ပင်ညီလာခံပြန်ကျင်းပချိန်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ညီလာခံ ဆက်တက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီနောက်မှာ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ပါတီခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပါတယ်။ ပါတီခေါင်းဆောင် ခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင်ကို ၈၅ နှစ်၊ စိုင်းလှအောင်ကို ၆၅ နှစ်အသီးသီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ ဖမ်းခံထားရတဲ့ ပါတီခေါင်းဆောင်တွေ ပြန်လွတ်ခဲ့ပါတယ်။
အစပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ခဲ့ကြပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် မှတ်ပုံတင်ပြီး နောက်ပိုင်းမှာတော့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ SNLD ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမတ်နေရာ ၄၀ အနိုင်ရခဲ့ပါတယ်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ၆ နေရာ ပြန်ရတဲ့အတွက် လက်ရှိ လွှတ်တော် ၃ရပ်မှာ ပါတီကိုယ်စားပြု အမတ် ၄၆ ယောက်နဲ့ ရပ်တည်နေတာပါတယ်။



















