ချင်းပြည်နယ်မှာ ချင်းဘာသာစကားအသုံးပြု ဆန္ဒပြခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, Chin World
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့နယ်မှာ လိုင်ဇိုး ဆိုတဲ့ ရွာကို ဖျက်ပြီး ဖလမ်းမြို့နယ်ထဲက ရပ်ကွက် အဖြစ်သတ်မှတ်မယ့်အပေါ် လိုင်ဇူမျိုးနွယ်စုတွေနဲ့ ရွာခံတွေက ဆန္ဒပြမဲ့ပွဲမှာ တိုင်းရင်းသား ဘာသာအသုံးပြုပြီး ဆန္ဒပြမယ့်အပေါ် ချင်းဘာသာ အသုံးပြုခွင့်ကို အာဏာပိုင်တွေဘက်က ပိတ်ပင်ခဲ့ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ ဆန္ဒပြမယ့်ပွဲကို ချင်းတိုင်းရင်းသားဘာသာစကားနဲ့ မရေးရမပြောရဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတားမြစ်လိုက်တာဖြစ်ပြီး ချင်းစကားအစား မြန်မာလိုပဲ ရုံးသုံးဘာသာစကားနဲ့ ပြောပါ လို့ အာဏာပိုင်တွေဘက်က ပြောခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်မယ့်သူဖြစ်တဲ့ ဦးဇထန်းက ပြောပါတယ်။ ဖလမ်းပတ်ဝန်းကျင်မှာ ၂၀၁၃နဲ့ ၂၀၁၅က မြေပြိုမှုတွေဖြစ်လို့ လိုင်ဇိုးအုပ်စုထဲက ကျေးရွာ ၆ ရွာကိုရွေ့ပြောင်းဖျက်သိမ်းပြီး ဖလမ်းမြို့ထဲက ရပ်ကွက်အဖြစ် သတ်မှတ်ဖို့ကိစ္စကို အောက်တိုဘာလကမှ ပြည်ထောင်စုအစိုးရက အသိမှတ်ပြုခဲ့တာပါ။ ဒီလိုရွာနာမည်တွေဖျက်ခံရတာကြောင့် သူတို့ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ ရောထွေးသွားပြီးတော့ သူတို့ ဘာသာစကားတွေ ပျောက်သွားမှာကို စိုးရိမ်ကြောင်းနဲ့ လိုင်ဇိုးကျေးရွာအုပ်စုထဲက ရွာတွေကို ဖလမ်းရပ်ကွက်ထဲထည့်လိုက်တဲ့ ကိစ္စမှာလည်း အားလုံးရဲ့ သဘောဆန္ဒမပါဘူးလို့ ဒေသခံဆန္ဒကို ပြည်ထောင်စု အစိုးရသိအောင် ဆန္ဒပြတာဖြစ်တယ်လို့ ဦးဇထန်းက ပြောပါတယ်။
ဒေသခံတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ မြန်မာစကားကို နားလည်ကြပြီး အများစု မတတ်ကျွမ်းတဲ့ ဘာသာစကားနဲ့ ဆန္ဒပြရမှာ ဖြစ်တဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့ ဦးဇထန်းက ပြောပါတယ်။
ချင်းဘာသာစကားနဲ့ ဆန္ဒပြခွင့်မရတာဟာ လိုင်ဇိုးဒေသခံတွေအပေါ် အုပ်ချုပ်ရေးပိုင်းက အခြား မကျေနပ်မှုတွေ ရှိနိုင်တာကြောင့်လည်းဖြစ်တယ်လို့ ဦးဇထန်းက ပြောပါတယ်။
ဆန္ဒပြမှုမှာ စီတန်းလှည့်လည်မှုအပြင်ဟောပြောတာတွေလည်း ပါဝင်ပြီး ဖလမ်းမြို့ပေါ်မှာ မြန်မာစကား နားလည်သူအတော်များများ ရှိတဲ့အတွက် မလိုလားအပ်တာတွေ မဖြစ်အောင်လို့ ရုံးသုံးဘာသာစကားနဲ့သာ ဆန္ဒပြဖို့ ခွင့်ပြုရတာလို့ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ဘီဘီစီကို ပြောပါတယ်။
သူတို့ဆန္ဒပြပွဲကို အစက နိုဝင်ဘာ ၁ ရက်နေ့ခွင့်ပြုပေးဖို့တင်ပြပေမယ့် ချင်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်ကြောင့် ရွှေ့ပေးဖို့ အကြောင်းကြားတဲ့အတွက် ၃ရက်နေ့ရွေ့တော့လည်း ရုံးပိတ်ရက်ဆိုပြီး အကြောင်းပြတာကြောင့် နောက်ဆုံး နိုဝင်ဘာ ၆ ရက်ကို ပြောင်းထားရတာလို့ ဆန္ဒပြခေါင်းဆောင် ဦးဇထန်းပြောပါတယ်။















