ရခိုင်ဒေသမှာ NVC ကတ်ထုတ်တဲ့သူ ရာကျော်တိုးလာ

NVC ၊ ရခိုင်၊ ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, ရခိုင်ဒေသမှာ NVC ကတ် လုပ်သူတွေ ရမယ့် အခွင့်အရေးတွေကို လဝက တာဝန်ရှိသူတွေက ကွင်းဆင်းပြီး သေသေချာချာ ရှင်းလင်း
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း NVC ခေါ် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးရေးအတွက် လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ကွင်းဆင်း ဆောင်ရွက်နေရာမှာ NVC ကတ်တွေ မထုတ်ယူကြဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အခုအခါ NVC ကတ်ထုတ်ယူမှု အခြေအနေ အနည်းအပါး တိုးတက်လာတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

NVC ကတ်လုပ်ရာမှာ ပူးပေါင်းကူညီတဲ့ ရွာသူကြီးတွေ အသတ်ခံရတာ ၁၇ယောက် ရှိပြီး ၃ယောက် ပျောက်နေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

အခုနောက်ပိုင်းမှာ အဲဒီခြိမ်းခြောက်သူတွေကို ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီး အရေးယူတာတွေ လုပ်နေပြီး NVC ကတ် လုပ်သူတွေ ရမယ့် အခွင့်အရေးတွေကို သေသေချာချာ ရှင်းလင်း ပြောကြားခဲ့တဲ့အတွက် အခုအခါ NVC ကတ်ထုတ်ယူသူ ရာကျော်လာပြီလို့ ဆိုပါတယ်။

အခု အစိုးရသစ် လက်ထက်ကာလမှာ NVC ကတ်ထဲမှာ လူမျိုးနဲ့ ဘာသာ ထည့်သွင်း ဖေါ်ပြစရာ မလိုတော့ပဲ အမည်၊ မွေးသက္ကရာဇ်နဲ့ ကျန်တဲ့ ကိုယ်ရေးရာဇဝင်တွေသာ ထည့်ရတဲ့အတွက် ရိုဟင်ဂျာ ဆိုတဲ့ အငြင်းပွားစရာ လူမျိုးပြဿနာ ကို ထည့်သွင်းစဉ်းစားစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

NVC ကတ်ရအပြီး စနစ်တကျနဲ့ ဆက်တင်ပြ လျှောက်ထားမယ် ဆိုရင် ၄- ၅ လအတွင်း နိုင်ငံသားကတ် ရနိုင်မယ့် အခြေအနေ ရှိနေကြောင်းနဲ့ စနစ်တကျ ပူးပေါင်း ဆောင်ရွက်ကြတဲ့ မြေပုံမြို့နယ် အတွင်းမှာ ဆိုရင် နိုင်ငံသားကတ် ရသူ ရာနဲ့ချီ ရှိတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

တာဝန်ရှိသူတွေက ခြိမ်းခြောက် ဖိအားပေးပြီး NVC ကတ်တွေ ထုတ်ယူခိုင်းနေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ နိုင်ငံတော် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ အဖွဲ့အစည်းတွေနဲ့ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ကွက်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။