ဒရုန်းကိစ္စ အဖမ်းခံရသူတွေ ရုံးမထုတ်သေး

ဓာတ်ပုံ ရင်းမြစ်, MOI Myanmar
လွှတ်တော် ကျင်းပ နေချိန်မှာ ခွင့်ပြုချက် မယူဘဲ အဝေးထိန်း ဒရုန်းယာဉ်ပျံနဲ့ မှတ်တမ်းယူတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် ခံထားရသူ လူလေးယောက်ကို အခုချိန်ထိ ရုံးထုတ်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာလ ၂၇ ရက်က နိုင်ငံခြားသား သတင်းထောက် နှစ်ယောက် အပါအဝင် လူလေးယောက်ကို ဖမ်းဆီး ပြီးနောက် ရမန်ယူပြီး စစ်ဆေး နေတာ ဖြစ်ပါတယ်။
TRT လို့ခေါ်တဲ့ တူရကီ သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲအတွက် လိုက်ပါ ချိတ်ဆက် ဆောင်ရွက်ပေးတဲ့ ဓါတ်ပုံ ဆိုင်ရာ အလွတ် သတင်းထောက် ကိုအောင်နိုင်စိုးကို အောက်တိုဘာလ ၃၀ ရက် နေ့က ရုံးထုတ်မယ်လို့ သတင်းကြားလို့ သူ့မိဘတွေက ဇမ္မူသီရိ မြို့နယ်က ခရိုင်တရားရုံးမှာ သွားရောက် စောင့်ခဲ့ ပေမဲ့ တွေ့ခွင့် မရခဲ့ဘူးလို့ သူ့မိခင် ဒေါ်သန္တာက ပြောပါတယ်။
သက်ဆိုင်ရာကလည်း အခုအချိန်အထိ မိသားစုကို အကြောင်းမကြားသေးလို့ သားဖြစ်သူကို စိတ်ပူပြီး ဘယ်မှာရှိတယ် ဆိုတာ သိချင်တယ်လို့သူက ဆိုပါတယ်။
သောကြာနေ့က သူ့သား အဖမ်းခံရတဲ့ အကြောင်း Facebook သတင်းတွေမှာ တွေ့လို့ ကိုအောင်နိုင်စိုးကို ဖုန်းဆက် မေးမြန်းကြည့်ပြီးနောက်မှာ ထပ်မံ ဆက်သွယ်လို့ မရတော့ဘူးလို့လည်း သူ့မိခင်က ပြောပါတယ်။
နိုင်ငံသား တစ်ယောက် စွပ်စွဲခံရပြီး အဖမ်းခံရရင် ရှေ့နေရဲ့ အကူအညီကို ရခွင့် ရှိပြီး ဥပဒေရဲ့ မျှတမှုကို လက်လှမ်း မီနိုင်ခွင့် ရှိရမှာ ဖြစ်ပေမဲ့ လောလောဆယ် ရဲက စစ်ဆေးဆဲ ဆိုရင်တော့ အရေးကြီးတဲ့ အချိန် ဖြစ်တယ် ဆိုပြီး ရှေ့နေ အပါအဝင် အပြင်လူနဲ့ တွေ့ခွင့် မပေးတတ်ဘူးလို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ILAM က ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဒါက ဥပဒေနဲ့ မညီဘူးလို့ ပြောလို့ မရပေမဲ့ နိုင်ငံသား အခွင့် အရေး ချိုးဖောက် ခံရတယ် လို့တော့ သဘောရကြောင်းလည်း သူက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြား သတင်းထောက် နှစ်ယောက်ထဲက မလေးရှား နိုင်ငံသား သတင်းထောက် အတွက် ILAM ကို အကူအညီ တောင်းထားတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
နိုင်ငံတွင်းကို ဥပဒေမဲ့ ပစ္စည်း တင်သွင်းသူဟာ အခု စွဲဆိုထားတဲ့ ပို့ကုန် သွင်းကုန် ဥပဒေ အရ ထောင်ဒဏ် သုံးနှစ် ဒါမှ မဟုတ် ငွေဒဏ်၊ ဒါမှ မဟုတ် ပြစ်ဒဏ် နှစ်ခုပေါင်း ကျခံရနိုင်ဖွယ် ရှိပါတယ်။
ဓါတ်ပုံ သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ကားမောင်းသူတို့ကတော့ ဒရုန်းကို တင်သွင်းလာသူတွေ မဟုတ်တဲ့ အတွက် သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။



















