လူမှု ကွန်ရက်အသုံးပြုမှု ထိန်းကျောင်းရေး အဆို လွှတ်တော် အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းခဲ့တဲ့ အိုင်တီနည်းပညာ အလွဲအသုံးပြုမှုအတွက် အစိုးရက စောင့်ကြည့် ကြပ်မတ်ပေးဖို့ အဆိုကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေမှု ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိုင်တီ နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကြောင်းဖို့ဆိုပြီး မူလက အဆိုတင်ထားခဲ့တာဖြစ်ပေမဲ့ ဒီကနေ့ လွှတ်တော်အတွင်း ဆွေးနွေးမှုမှာတော့ အလွဲဆိုတဲ့ စကားလုံးကို ထပ်ဖြည့်ပြီး အတည်ပြုခဲ့တာပါ။
ဒီအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း လွှတ်တော်မှာ လာရောက်ဆွေးနွေးခဲ့တာပါ။
အဆိုကို ဆွေးနွေးခဲ့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေဝင်းကတော့ ဖုန်းဆင်းကတ် မှတ်ပုံတင်မှုတွေကို ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့သလို ဆိုက်ဘာ ဥပဒေအမြန်ပြဌာန်းနိုင်ရေးအတွက်လည်း တိုက်တွန်းခဲ့ပါတယ်။
လူမှု ကွန်ရက် အလွန်အကျွံသုံးစွဲတာကြောင့် အချိန်ငွေကြေးနဲ့ ရုပ်ပိုင်းဆိုင် ထိခိုက်မှုတွေရှိနေပြီး မိသားစုဝင်တွေအတွင်းမှာပါ ဖေ့ဘုပ်သုံးစွဲမှုကြောင့် မိသားစုဝင်အချင်းချင်း စည်းလုံးမှု ပျက်လာတာတွေ့ရတယ်လို့ တပ်မတော်သား ကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် ဖုန်းဟန်းဆက်အသုံးပြုပြီး ဖောက်ခွဲမှုတွေ လုပ်တဲ့ ကိစ္စရပ်တွေလည်း ရှိနေတာကြောင့် လူတဦးတည်း ဖုန်းဟန်းဆက်တွေနဲ့ ဆင်းကတ်အများအပြား အသုံးပြုတာဟာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် က ပြောပါတယ်။ လူမှုကွန်ရက်နဲ့ အင်တာနက် အသုံးပြုပြီး အမုန်း တရားပွားအောင် ဆောင်ရွက်မှုတွေနဲ့ အွန်လိုင်း နည်းပညာအသုံးပြုပြီး မတည်မငြိမ်ဖြစ်အောင် ကျူးလွန်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့ တပ်မတော်ဘက်က ကိုယ်စားလှယ်က ဆွေးနွေးခဲ့တာပါ။
ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတော့ အဆိုကို တင်သွင်းရတာဟာ အင်တာနက် လွတ်လပ်စွာသုံးစွဲမှုကို ထိန်းချုပ်စေချင်တဲ့အတွက်ကြောင့် မဟုတ်ပဲ မတည်မငြိမ်ဖြစ်အောင်လုပ်သူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်ခြင်းဖြစ်တယ်လို့ အဆိုစတင် တင်သွင်းခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ဘီဘီစီကို ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ် ကို အဓိက သုံးကြတာ ဖြစ်ပြီး သတင်းစာဖတ်တာ ရေဒီယို နားထောင်တာတွေကိုတောင် မလုပ်တော့ဘဲ ဗဟုသုတ သိပ်မရှိသူ တချို့က ဖေ့ဘုပ်မှာ ဖြန့်သမျှ သတင်းတွေ၊ အမုန်းစကားတွေ၊ သတင်းမှားတွေကို ယုံကြည် ကြတယ်လို့ ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ဆက်သွယ်ရေးဝန်ကြီးကတော့ ဒီအဆိုကို အတည်မပြုပဲ မှတ်တမ်းသာ သင့်ကြောင်းမှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ ဆိုက်ဘာ ဥပဒေ တရပ်ပေါ်ထွန်းလာဖို့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေပြီး လူမှုကွန်ယက်ကို အကျိုးရှိရှိအသုံးပြုနိုင်ဖို့အတွက် အသိပညာပေးမှုတွေပြုလုပ်ဖို့ နည်းပညာအသုံးချ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့သာ ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနစ်က ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၈) ပုဒ်မခွဲ (က)မှာ လည်း သတင်းအချက်ကို မရိုးဖြောင့်တဲ့ သဘောနဲ့ ဖြန့်ချိရင် ထောင်ဒဏ်ငွေဒဏ် ချမှတ်ရမယ်လို့ ပါရှိခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီး ဦးသန့်စင်မောင်က ထောက်ပြပါတယ်။
ဒီလို နည်းပညာအရ ထိန်းချုပ် စောင့်ကြည့်မဲ့အပေါ် အစိုးရအနေနဲ့ အင်တာနက်မှာ ဘာတွေပိတ်မလဲ ၊ ဘယ်လောက်အထိ ပိတ်မလဲဆိုတာ စဉ်းစားစရာဖြစ်နေပြီး နည်းပညာကြောင်း အဆိုးအကောင်း ဒွန်တွဲနေမှု အပေါ် အနုတ်လက္ခဏာ အဖြစ်သာ ရှူမြင်နေမှုမှာ မီဒီယာလွတ်လပ်ခွင့်အတွက်ပါ စိုးရိမ်စရာ ဖြစ်လာစေကြောင်း မြန်မာဂျာနယ်လစ်ဇင်သိပ္ပံကျောင်းမှ အမှုဆောင် ဒါရိုက်တာ ဦးစိန်ဝင်းက ပြောပါတယ်
ဆင်ဆာတွေ လုပ်မယ်ဆိုရင် ဘလော့တွေကိုပဲ ပိတ်မလား ၊ ဒါမှမဟုတ် အစိုးရ မကြိုက်တဲ့ ဆိုဒ်တွေ လူမှုကွန်ယက်တွေကို ပိတ်ပင်မလား တရုတ်ပြည်မှာလိုပဲ ဖေ့ဘုပ် လူမှု ကွန်ရက် မီဒီယာတွေကို သုံးစွဲခွင့်ပိတ်ပြီးထားမလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိလှသလို အစိုးရကို ဝေဖန်ရင် ဝေဖန်တဲ့ လူမှုကွန်ယက် သုံးစွဲသူတွေကို ပိတ်ပင်သွားမှာလည်း စိုးရိမ်မိတယ်လို့ ဦးစိန်ဝင်းက ဆိုပါတယ်။
ဒီအဆိုကို ဆွေးနွေးခဲ့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နေဝင်းကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ အရပေးထားတဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့် အခွင့်အရေးတွေကိုတော့ မထိခိုက်ပဲ ထိန်းကျောင်းဖို့တော့လိုတယ်လို့လည်း ဆိုပါတယ်။



















