မြန်မာ့လုပ်ငန်းခွင်တွေ အတွင်း အမျိုးသမီးများ လိင်ပိုင်းစော်ကားခံနေရ

ဓာတ်ပုံ ရင်းမြစ်, CHRISTOPHE PETIT TESSON
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်မှု တွေခံရတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်နဲ့ အမျှ ပေါ်ထွက် နေချိန်မှာပဲ မြန်မာ နိုင်ငံက လူ့ဘောင် အသိုင်းအဝိုင်း ကြားမှာ လည်း ဒီလို ဖြစ်ရပ်မျိုးတွေ အများကြီး ရှိတယ်လို့ အမျိုးသမီး တွေကို ဥပဒေကြောင်း အရ အကာအကွယ် ပေးနေတဲ့ တရား မျှတမှု လက်လှမ်းမီရေး အဖွဲ့က ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
ဒီလို ဖြစ်ရပ်တွေက အစိုးရ ရုံးဌာနတွေ၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံ တွေနဲ့ လုပ်ငန်းခွင် တွေ စတဲ့နေရာ အမျိုးမျိုးမှာ အမျိုးသမီးတွေ တွေ့ကြုံနေရတယ် လို့ သူက ပြောပါတယ်။
အမျိုးသမီးတွေ ရာထူး တက်ချင်ရင်၊ ဒါမှ မဟုတ် အထက် အရာရှိတွေရဲ့ ငြိုငြင်တာ မခံရချင်ရင် အဲဒီ အထက် အရာရှိတွေ တောင်းဆိုတဲ့ လိင်ပိုင်း စော်ကားမှုတွေ ကို ခံနေကြရသလို၊ လိင်ဆက်ဆံပေးရတဲ့ အထိ လိုက်လျော လုပ်ဆောင် နေကြရတယ်လို့ အမျိုးသမီး တွေက ဖွင့်ဟ ပြောကြတဲ့အကြောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။
သူနဲ့ အတူ အမျိုးသမီး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူ တွေရဲ့ သုတေသန ပြုချက်တွေ အရ ရ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်ခံရတာ တွေ ရှိပေမယ့် မြန်မာ အမျိုးသမီးတွေက ထုတ်ဖော် ပြောလေ့ မရှိကြဘဲ ကြိတ်မှိတ်ခံ နေကြ တတ်တယ် လို့လည်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။
ထုတ်ဖော် ပြောလိုက်ရင် အမျိုးသမီးတွေအနေနဲ့ သူတို့ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် ထုတ်ဖော် မပြောကြတာလည်း ဖြစ်ပါတယ်။
တရားစွဲမယ် ဆိုရင်လည်း ကာယိန္ဒြေ နှောင့်ယှက်မှုနဲ့ စွဲလို့ ရပေမယ့် ပြစ်ဒဏ် ကျမယ် မကျဘူးဆိုတာ မသေချာဘဲ တရားစွဲမယ့် အမျိုးသမီး ဘက်ကတော့ ဆုံးရှုံးမှုတွေ များနိုင်တဲ့ အတွက် တရားမစွဲကြတာ လို့လည်း ဆိုပါတယ်။
ထုတ်ဖော်ပြောခြင်း အားဖြင့် တရားမျှတမှု ရမယ် ဆိုတာကို မယုံကြည် တာကလည်း တကြောင်း ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။
မြန်မာ့လူဘောင်မှာ အမျိုးသမီးတွေ လိင်ပိုင်း စော်ကားတာ ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာရင် ပြုသူ ယောက်ျားသားတွေ ကို ရှုတ်ချတာထက် ခံရသူ အမျိုးသမီးတွေ ကို အပြစ်ပုံတဲ့ သူတွေ က ပိုများနေတဲ့ အတွက် အမျိုးသမီးတွေ က သူတို့စော်ကားခံနေရတာ ကို ထုတ်ဖော် မပြောကြတာလို့လည်း အမျိုးသမီးရေး လှုပ်ရှားသူတွေ က ပြောပါတယ်။



















