ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးမယ့်သူ ထောင်နဲ့ချီ ဆက်ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ သူတွေကို ပြန်လည် လက်ခံမယ့် စခန်း တည်ဆောက်မယ့် ငါးခူရနဲ့ တောင်ပြို လက်ဝဲမြို့နယ်တွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် နိုဝင်ဘာ ၉ ရက်နေ့က သွားရောက် ကြည့်ရှုတာတွေ လုပ်နေချိန်မှာ တစ်ဖက်ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သွားဖို့ ပြင်နေသူတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လူပေါင်း ၄၀၀၀ လောက်ထိ အလယ်သံကျော် ကမ်းခြေမှာ စုရုံးရောက်လာကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေတွေနဲ့ သွားရောက်ဖို့အတွက် တဲထိုး နေထိုင် စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
အခု ထွက်ပြေးနေသူတွေဟာ ဘူးသီးတောင် မြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင် မြို့နယ်တွေက ဖြစ်ကြပြီး အလယ်သံကျော် ကမ်းခြေကို နေ့စဉ်လိုလို ရောက်လာနေကြတယ်လို့ လည်း အလယ်သံကျော် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီလို ထွက်ပြေးနေသူတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဘက်ကတော့ တစ်စုံတစ်ရာ တားမြစ်တာ မရှိဘူးလို့ သိရပါတယ်။
အခုလို နေရပ် စွန့်ခွာ ထွက်ပြေးနေကြပေမယ့် ပြန်လည် လက်ခံရေးကို စီမံကိန်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။















