ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့အနေနဲ့ ဂုဏ်ထူးဆောင်ဆုကို ဂီတသမားပြန်အပ်

ဓာတ်ပုံ ရင်းမြစ်, EPA
အိုင်ယာလန် နာမည်ကျော် ဂီတသမားဖြစ်ပြီး ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်တဲ့ ဘော့ဂဲလ်ဒေါ့က သူ့ကိုချီးမြှင့်ထားတဲ့ ဒပ်ဗလင် လွတ်လပ်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို ပြန်လည်အပ်နှံတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
အခုလို ဆုကို အပ်နှံဖို့ ဖြစ်လာရတာက သူ့လိုပဲ ဒီဆုကို ရရှိထားတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ အနေနဲ့ ပြန်အပ်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဒပ်ဗလင်မြို့ရဲ့ ပတ်သက်ဆက်နွယ်မှုဟာ ကျွန်တော်တို့ မြို့အတွက် ရှက်စရာကောင်းလှပါတယ်လို့ မစ္စတာ ဂဲလ်ဒေါ့ Bob Geldof က ပြောပါတယ်။
မြန်မာနိုင်ငံက ရခိုင်အရေး ပြဿနာမှာ ကိုင်တွယ်ဖြေရှင်းပုံတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာက ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
မစ္စတာဂဲလ်ဒေါ့ဟာ နာမည်ကျော် အဆိုတော်နဲ့ သီချင်းရေးဆရာလည်းဖြစ်ကာ ရံဖန်ရံခါမှာ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်လေ့ရှိသူလည်း ဖြစ်ပါတယ်။
သူ့ကို ဒပ်ဗလင်က ဆုပေးခဲ့တာဟာ စိတ်ပျက်စရာဖြစ်ပြီး ကျွန်တော်တို့အတွက်လည်း ရှက်ဖွယ်ဖြစ်တယ်လို့ မစ္စတာ ဂဲလ်ဒေါ့က ဆိုပါတယ်။
အခြား အိုင်းရစ်အဆိုကျော်တဦးဖြစ်တဲ့ U2 တေးဂီတအဖွဲ့က ဘိုနိုကလည်း လတ်တလောမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းကိုလည်း ရေးစပ်သီဆိုခဲ့သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒပ်ဗလင်လွတ်လပ်မှု ဂုဏ်ထူးဆောင်ဆုကို ၂၀၁၂ ခုနစ်က လက်ခံရယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကပဲ အော့စဖိုဒ့် မြို့တော်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လွတ်လပ်မှု အော့စဖို့ဒ် ဂုဏ်ထူးဆောင်ဆုကို ရုတ်သိမ်းခဲ့ပါသေးတယ်။



















