ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုကို အောက်စဖို့ဒ်မြို့ အာဏာပိုင်တွေ ပြန်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အပ်နှင်းထားတဲ့ the Freedom of the English city of Oxford ဆုကို အောက်စဖို့ဒ် မြို့ အာဏာပိုင်တွေက ပြန်ရုတ်သိမ်း လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အောက်စဖို့ဒ် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထောက်ပြ တားဆီးတာမျိုး မရှိခဲ့ဘူး ဆိုပြီး အောက်စဖို့ဒ် မြို့ ကောင်စီဝင်တွေက စွပ်စွဲ နေကြပါတယ်။
အကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်နေသူမျိုးကို သူတို့အနေနဲ့ ဆုအပ်နှင်းဖို့ စိတ်ဆန္ဒ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပညာ သင်ကြားခဲ့တဲ့ St Hugh's ကောလိပ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကို ချိတ်ဆွဲထားရာကနေ ဖြုတ်ချလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာ စစ်တပ်က ပြုမူ ဆက်ဆံပုံဟာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပုံမျိုးနဲ့ တူနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒါပေမယ့် ဒီစွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ငြင်းဆိုထားပါတယ်။















