ငြိမ်းချမ်းရေးက စီးပွားရေးသမားနဲ့ အာဏာရှိသူကို အကျိုးရှိစေလို့ သုတေသနဆို

ဓာတ်ပုံ ရင်းမြစ်, cover of TNI research
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ဦးစားပေးလုပ်ဆောင်တာဟာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘဝကို အကာအကွယ်မပေးနိုင်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်း၊ အာဏာပိုင်နဲ့ စီးပွားရေးသမား တွေကိုပဲ အကျိုးအမြတ်ရစေတယ်လို့ နယ်သာလန် အခြေစိုက် သုတေသန အဖွဲ့ TNIက ထုတ်ပြန်ပါတယ်။
ခေတ်အဆက်ဆက်က အရင်အစိုးရနဲ့ ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်ဆောင်ခဲ့တဲ့ ကယားပြည်နယ်က ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆက်နွယ်တဲ့ ပြဿနာတွေအကြောင်း ပြုစုထားတဲ့ ဇူလိုင် ၃ ရက်က ထုတ်ပြန်တဲ့ TNIရဲ့ အစီရင်ခံစာမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးထက် စီးပွားရေးလုပ်ငန်းတွေ ဇောင်းပေးတာဟာ ကောင်းတဲ့အလား အလာကို ဦးတည်မှာမဟုတ်ဘူးလို့ အစီရင်ခံစာကို ပြုစုရေးသားသူ ထဲကတစ်ယောက်ဖြစ်တဲ့ တွမ်ခရင်မာက ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အတူတွဲပါလာတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ သတ္တူတူးဖေါ်တာ၊ သစ်ခုတ်ရောင်းတာ၊ စိုက်ပျိုးရေးနဲ့ ရေကာတာ စီမံကိန်းတွေလို့ ဆိုပါတယ်။
ဒေသခံအသိုင်းအဝန်းတွေက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောသလို ဒီဒေသတွေမှာ စီမံကိန်းကြီးတွေ၊ စီးပွားရေး လုပ်ချင်တဲ့ အပြင်က လူတွေ၊ စီးပွားရေးသမားတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်တဲ့ စည်းမျဉ်းစည်းကမ်းမရှိဘူးလို့လည်း မစ္စတာ တွမ်ခရင်မာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR OFFICE
ကယားပြည်နယ်ရဲ့ ပထမဆုံး အပစ်ခတ်ရပ်စဲရေးကို ကြည့်မယ်ဆိုရင် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) ကယားပြည်သစ် ပါတီအဖွဲ့တွေ အပစ်အခတ်လုပ်ခဲ့တုန်းက အစိုးရက နိုင်ငံရေးထက် စီးပွားရေးကို ဦးစားပေးလုပ်ဖို့ ပြောဆိုခဲ့တာကြောင့် တချို့က သစ်တွေခုတ်ရောင်း၊ သတ္တုတွေ တူးခဲ့တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ကယားပြည်နယ်မှာ ကရင်နီအမျိုးသားပါတီ(KNPP) အပါအဝင် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် အပါအဝင် အနည်းဆုံးအဖွဲ့ ၆ ဖွဲ့ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
KNPPကနေခွဲထွက်သွားတဲ့ ကလလတ အပါအဝင် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ ၁၉၉၅ ခုနှစ်ကစပြီး အရင်အစိုးရတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့ နောက်မှာ နိုင်ငံရေးထက် စီးပွားရေးကို ဦးစားပေးခဲ့တဲ့အတွက် အခုချိန်ထိ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရနိုင်သေးဘဲ လမ်းခုလတ်မှာပဲ ရှိနေသေးတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့ အစည်းတွေကလည်း ထောက်ပြပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ရာမှာ အရပ်ဘက် အဖွဲ့အစည်း တွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ ကိုထည့်သွင်း စဉ်းစားဖို့လိုတယ်လို့ အရပ်ဖက် အဖွဲ့အစည်းက ကရင်နီအမျိုးသမီး အဲဗလင်းက ပြောပါတယ်။



















