ကိုရီးယားကမြန်မာလုပ်သား ခေါ်ယူမှုလျှော့ချတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Public Overseas Emplyoment Agency
ကိုရီးယားက ပြည်ပလုပ်သားခေါ်ယူမှုလျှော့ချလို့ ၂၀၁၉ အတွက် EPS-TOPIK စားမေးပွဲမကျင်းပ
ကိုရီးယားနိုင်ငံ ပြည်ပအလုပ်သမားခေါ်ယူမှုကို လျှော့ချလိုက်လို့ ၂၀၁၉ခုနှစ်မှာ ပြုလုပ်ရမယ့် ၁၃ကြိမ်မြောက် EPS-TOPIK စာမေးပွဲကို မကျင်းပတော့ဘူးလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ဧပြီလ ၄ရက်နေ့က ထုတ်ပြန်ပါတယ်။
ကိုရီးယားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေအတွက် ပြည်ပအလုပ်သမားတွေကို နှစ်စဉ်ခေါ်ယူနေတာဖြစ်ပါတယ်။
၂၀၁၉ခုနှစ်မှာ ကိုရီးယားကိုအလုပ်လုပ်ဖို့ သွားရောက်နိုင်မယ့် အလုပ်သမားအရေအတွက်ကလည်း ၉၀၀၀ အထိ ရှိနေပေမယ့် မြန်မာနိုင်ငံက အလုပ်သမား ၁၅၀၀ ကိုသာ ကိုရီးယားနိုင်ငံက ခေါ်ယူမယ်လို့သိရပါတယ်။ အဲဒီအရေအတွက်က အရင်နှစ်တွေကခေါ်ယူနေတဲ့ အရေအတွက်ရဲ့ တဝက်ပမာဏသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။
ကိုရီးယားက ဘာကြောင့် တဝက်အထိ လျှော့ချရတယ်ဆိုတဲ့အကြောင်းတော့ မဖော်ပြထားပါဘူး။ EPS-TOPIK စားမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်သူတွေကိုသာ ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်ဖို့ ခေါ်ယူတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က အမုန်းတရားနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ဖေ့စ်ဘုတ်မကာကွယ်နိုင်သေးဘူးလို့ ကုလစုံစမ်းရေးမှူးစွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံမှာ အမုန်းတရားတွေ၊ သွေးထိုးလှုံဆော်မှုတွေကို ဖေ့စ်ဘုတ်လိုဆိုရှယ်မီဒီယာတွေကဖြန့်ဝေတာတွေ အခုထိတိုင် ဖေ့စ်ဘုတ်ကလုံလောက်တဲ့ ကာကွယ်ပေးနိုင်မှုမလုပ်နိုင်ဘူးလို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်က ပြောပါတယ်။
"ဖေ့စ်ဘုတ်က သိသာတဲ့ ပြောင်းလဲမှုတွေကိုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေက မလုံလောက်သေးပါဘူး" လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး ခရစ္စတိုဖာ စီဒူတီ ကဆိုပါတယ်။
ဖေ့စ်ဘုတ်က သူလုပ်ဆောင်ရမယ့် တာဝန်တွေပျက်ကွက်ခဲ့တာကို ပြရမယ်ဆိုရင် မြန်မာနိုင်ငံကဖြစ်ရပ်တွေက အကောင်းဆုံး အထောက်အထားတွေပဲလို့ပြောပါတယ်။
၂၀၁၅ခုနှစ် ကတည်းက ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ အမုန်းတရားဝါဒဖြန့်ချီတာတွေကို လုပ်နေကြပေမယ့် နှစ်စဉ်ဘီလီယံချီ အကျိုးအမြတ်ရနေတဲ့ဖေ့စ်ဘုတ်ကုမ္ပဏီက စောင့်ကြည့်လေ့လာရေး အဖွဲ့ထဲမှာ မြန်မာစကား နားလည်သူနှစ်ဦး သာရှိတာကို တွေ့ရပါတယ်လို့ စီဒူတီက ဆိုပါတယ်။
ICC အရာရှိကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်
အမေရိကန်နိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အမှုလိုက်အရာရှိတစ်ဦးရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချလိုက်ပါတယ်။
ဗီဇာပယ်ချခံလိုက်ရတဲ့ အမှုလိုက်အရာရှိ Fatou Bensouda ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ သူ့ မဟာမိတ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေကို စုံစမ်းနေတဲ့သူပါ။
အမေရိကန်ကတော့ အဲဒီလိုစုံစမ်းစစ်ဆေး မှုတွေလုပ်နေတဲ့ ICC ရဲ့ဘယ်ဝန်ထမ်းကို မဆို ပြည်ဝင်ခွင့် ပြန်ရုတ်တာ ဒါမှမဟုတ် ငြင်းတာမျိုးလုပ်မယ်လို့ ပြီးခဲ့တဲ့ ကလတည်းက သတိပေးထားတာပါ။
Ms. Bensouda ဟာ ကြောက်ရွံ့တာ၊ မျက်နှာသာပေးတာမျိုးမရှိဘဲ စုံစမ်း စစ်ဆေးရေးတာဝန်တွေကို ဆက်လုပ်သွားမယ်ဆိုပြီး သူ့ရဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
နယူးဇီလန် ဗလီတွေကိုတိုက်ခိုက်ခဲ့သူ စိတ်ကျန်းမာရေး အခြေအနေစစ်ဆေးဖို့ တရားရုံးဆုံးဖြတ်
နယူးဇီလန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့လတုန်းက ခရိုက်ချာ့ချ်မြို့ ဗလီ ၂ လုံး ပစ်ခတ်မှုမှာ လူ ၅၀ ကို သတ်မှုနဲ့ စွပ်စွဲ ခံထားရတဲ့ အမျိုးသားကို စိတ်ကျန်းမာရေး စစ်ဆေးမှု ၂ မျိုးပြုလုပ်ဖို့ အထက်တရားရုံး တရားသူကြီးတစ်ဦးကဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအမျိုးသားဟာ စွပ်စွဲထားတဲ့အမှုကို လျှောက်လဲချက်ပေးနိုင်ဖို့ စိတ်ကျန်းမာရေးကောင်းမွန်သူ ဟုတ်၊ မဟုတ်သိနိုင်ဖို့ ဖြစ်ပါတယ်။
စွပ်စွဲခံရသူ သြစတေးလျနိုင်ငံသား ဘရန်တန် တားရန့်ကတော့ သူ့အပေါ် ပြစ်မှုပေါင်း ၈၉ ခုကို နဲ့တရားစွဲ တယ်ဆိုတဲ့အချက်ကို သူ့ကို ထိန်းသိမ်းထားတဲ့ လုံခြုံရေးမြှင့် အကျဉ်းထောင်ထဲကနေ တည်တည်ငြိမ်ငြိမ်နဲ့ နားထောင် နေတာကို ကြားနာမှုပြုလုပ်ချိန်ပြသတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။
ခရိုက်ချာ့ချ်တရားရုံးထဲက ပြခန်းထဲမှာတော့ ဘရန်တန် တားရန့်ကို ပြစ်မှုတွေနဲ့တရားစွဲဆိုတယ်ဆိုတဲ့ ကြားနာမှုကို တက်နားထောင်သူတွေထဲမှာ တိုက်ခိုက်မှုမှာ အသက်ရှင် ကျန်ရစ်သူတွေပါဝင်တဲ့ မွတ်စလင်အသိုင်းအဝိုင်းနဲ့ မီဒီယာသမားတွေ ပါဝင်ပါတယ်။ လက်ရှိမှာ ဘရန်တန် တားရန့်ကို ရမန်ချုပ်ရက်နဲ့ ထိန်းသိမ်းထားပြီး နောက်တစ်ကြိမ်တရားရုံးကြားနာမှုကို ဇွန်လမှာ ပြုလုပ်ဖို့ရှိပါတယ်။



















