တာချီလိတ်မြို့လယ် ရွှေဆိုင်ကို အနုကြမ်းစီးသူတွေထဲက ထိုင်းနိုင်ငံသားကို ဖမ်းမိပြီ

ထိုင်း-မြန်မာ နယ်စပ်တံတားတခုဖြစ်တဲ့ တာချီလိတ်တံတား
ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာ နယ်စပ်တံတားတခုဖြစ်တဲ့ တာချီလိတ်တံတား
ရေးသားခဲ့သည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လယ်မှာရှိတဲ့ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဝင်ရောက်ပြီး အနုကြမ်းစီးသူ ၆ ယောက်ထဲက အနုကြမ်းစီးသူ တစ်ယောက်ကို တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုမှာ အနုကြမ်းစီးသွားတဲ့ပစ္စည်း တချို့တဝက်နဲ့ အတူ ဖမ်းဆီးမိတယ်လို့ တာချီလိတ် မြို့မရဲစခန်းက ပြောပါတယ်။

" ဧပြီ ၂ ရက်က မိုင်းကိုးမှာ ဖမ်းမိတာ၊ ဖမ်းမိတဲ့သူက ရွှေဆိုင် အနုကြမ်းစီးရာမှာပါတဲ့ ၆ ယောက်ထဲက ၁ ယောက်ကို မိတာ၊ သူက ထိုင်းနိုင်ငံသားပါ။ သူနဲ့ အတူ အားပေးကူညီသူ ၂ ယောက်ကိုလည်း မိထားတယ်။ အနုကြမ်းစီးတုန်းက ပါသွားတဲ့ ရွှေထည်လက်ဝတ်လက်စားတချို့၊ ရွှေ ၁၂ ကျပ်သားနဲ့ ထိုင်းဘတ်ငွေ ၁ သိန်းခွဲ ကိုပါ သိမ်းဆည်းရမိထားတယ်" လို့ တာချီလိတ် မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက ပြောပါတယ်။

မတ်လ ၂၉ ရက် မနက်စောပိုင်း ၇ နာရီလောက်က တာချီလိတ် မြို့လယ်မှာရှိတဲ့ နေအိမ်နဲ့ ရွှေဆိုင် တဆက်တည်း ဖွင့်ထားတဲ့ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို သေနတ်ကိုင် လူ ၆ ယောက် အဖွဲ့က ဝင်ရောက် အနုကြမ်းစီးခဲ့တာပါ။

အနုကြမ်း စီးခံရရာမှာ ရွှေ ၈၀ ကျပ်သား ဝန်းကျင်၊ ဘတ်သိန်း ၂၀ တန်ဖိုး ရှိတဲ့ စိန်ရွှေထည်ပစ္စည်း မျိုးစုံ၊ ထိုင်းဘတ်ငွေ သိန်း ၂၀ နဲ့ အိုင်ဖုန်း၊ ဆမ်ဆောင်း လက်ကိုင်ဖုန်း ၇ လုံး အပါအဝင် စုစုပေါင်း ကျပ်ငွေ တန်ဖိုး သိန်း ၃ ထောင် နီးပါး ပါသွားတယ်လို့ တာချီလိတ် မြို့မရဲစခန်းက ပြောပါတယ်။

ကွင်းဆက် စစ်ဆေးမှုအရ လွတ်မြောက်နေသေးတဲ့ အနုကြမ်းစီးသူ ၅ ယောက် ကို ဖမ်းဆီးရမိဖို့ ဆက်လက် လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

လွတ်မြောက်နေတဲ့ အနုကြမ်းစီးသူ ၅ ယောက်ဟာ ဖမ်းဆီးမိထားသူ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို သိရှိရပြီဖြစ်ကြောင်းနဲ့ ၅ ယောက်လုံးဟာ ရှမ်းတိုင်းရင်းသား မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ရဲအုပ် ကိုကိုဦးက ပြောပါတယ်။

အနုကြမ်းစီးသူတွေကို တာချီလိတ် မြို့မရဲစခန်းမှာ (ပ) ၁၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

အိမ်ရှင်တွေ ပြောဆိုမှုအရ အနုကြမ်းစီးသူတွေထဲက ၁ ယောက်ရဲ့ ပုံစံသွင်ပြင်ကို မှတ်တမ်းယူနိုင်ခဲ့ပြီး၊ အနုကြမ်းစီးသူတွေ ယူဆောင်သွားတဲ့ ဖုန်းတွေကို ခြေရာခံရှာဖွေမှုအရ တာချီလိတ်မြို့အထွက် မိုင်းကိုးဘက်ကို ထွက်ပြေးတာ သိရလို့ မြို့နယ် ရဲတပ်ဖွဲ့၊ နယ်ထိန်း ရဲတပ်ဖွဲ့၊ ခရိုင် ရဲတပ်ဖွဲ့တွေနဲ့ အတူ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ကပါ ပူးပေါင်းလိုက်လံ ရှာဖွေဖမ်းဆီးခဲ့လို့ အခုလို အချိန်တိုအတွင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းကလည်း တာချီလိတ်မြို့လယ်မှာ ရှိတဲ့ ဒိုင်းမွန်းရွှေဆိုင်ကို လူ ၁ ဦးက သေနတ်ကိုင် ဝင်ရောက် လုယက်မှု ဖြစ်ပွားရာ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ၂၀၁၉ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ ဒေသခံ သူဌေးတစ်ဦး မြို့လယ်ကောင်မှာ လုပ်ကြံခံခဲ့ရတဲ့ အမှုမှာတော့ လက်ရှိအချိန်ထိ ကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ တာချီလိတ် မြို့မရဲစခန်းက ပြောပါတယ်။

တာချီလိတ်မြို့ဟာ ထိုင်း - မြန်မာ နယ်စပ်မြို့ ဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်း တချို့လည်း ရှိပြီး၊ ထိုင်းနိုင်ငံဘက်နဲ့ မြန်မာနိုင်ငံ အတွင်းပိုင်းက ပြစ်မှုမှတ်တမ်း ရာဇဝတ်မှု ကျုးလွန်ထားသူတွေက လာရောက် တိမ်းရှောင်ကြလို့ အခုလိုဖြစ်ရပ်မျိုးတွေ ဖြစ်ပွားတတ်လေ့ရှိတယ်လို့ တာချီလိတ် မြို့မရဲစခန်းက ပြောပါတယ်။