မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ အစည်းအဝေး နေပြည်တော်မှာကျင်းပနေ၊ရန်ကုန်ဒုတိယမြို့တော်ဝန်အဖြစ် မဲဆန္ဒနယ်အမှတ် ၃ က ဦးစိုးလွင် ရွေးချယ်ခံရအပါအဝင် နေ့လယ်ခင်းသတင်းများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ အစည်းအဝေး နေပြည်တော်မှာကျင်းပနေ
မြန်မာ -ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေပါဝင်တဲ့ အစည်း အဝေးကို ဒီကနေ့ ဧပြီ ၈ ရက်နေ့ နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။
မြန်မာနိုင်ငံဖက်အခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင် မူးယစ်ဆေးဝါး ဝင်ရောက်တာတွေဟာ များပြားလာတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းကြားမှာ အချက်ပေးတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ ရဲ့ ညွန်ကြားရေးမှူးချုပ် Mj.Gen Md Shafeenullslam က အစည်းအဝေးမှာ ဒီကနေ့ပြော ကြားလိုက်ပါတယ် ။
ဒီအစည်းအဝေးမှာ နယ်စပ်ဒေသအနီးပစ်ခတ်မှုတွေ၊ တရားမဝင်နယ်စပ် ဖြတ်ကျော်တဲ့ကိစ္စတွေ အပါအဝင် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုပါ ဆွေးနွေးသွားကြ ဖို့ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ဒုတိယမြို့တော်ဝန်အဖြစ် မဲဆန္ဒနယ်အမှတ် ၃ က ဦးစိုးလွင် ရွေးချယ်ခံရ
ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီဒုတိယမြိုတော်ဝန်နေရာ ကို ဒီကနေ့ ဧပြီ ၈ ရက်နေ့မှာ ရွေးချယ်ခဲ့ရာစည်ပင်သာယာရွေးကောက်ပွဲ မဲဆန္ဒနယ် အမှတ် ၃ က ဦးစိုးလွင် ရွေးချယ်ခံရပါတယ်။
ဒုတိယမြို့တော်ဝန်နေရာကို အစိုးရကတိုက်ရိုက်ခန့်အပ်ထားတဲ့ ရန်ကုန်မြို့တော်ဝန်နဲ့ကော်မတီဝင် ၄ဦး၊ ရွေးချယ်ခံ ကော်မတီဝင် ၆ဦး စုစုပေါင်း ၁၁ဦးက လျှို့ဝှက် မဲပေးတဲ့စနစ်နဲ့ ရွေးချယ် မဲပေးခဲ့ကြတာလို့ သိရ ပါတယ်။
ဒုတိယမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ ဦးစိုးလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကနေ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သလို လူစိတ်ဝင်စားမှု အများဆုံး ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် အမှတ် ၃ ကနေ တဆင့် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ရုတ်တရက်ရပ်နားလိုက်လို့ လူငယ် ၄ သောင်းကျော်အခက်အခဲတွေ့
ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်ခွင့်ရဖို့ဖြေဆိုရတဲ့ ကိုရီးယားဘာသာ အရည်ချင်းစစ် စာမေးပွဲ ရဲ့ ဒီနှစ်၂၀၁၉ ခုနှစ်အတွက် စာမေးပွဲကို ကိုရီးယားနိုင်ငံဘက်က ခေါ်ယူမယ့် ဦးရေကို လျှော့ချ လိုက်တာကြောင့် ဒီနှစ်အတွက်မကျင်းပတော့ဘူးလို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီကနေ ဧပြီ၄ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီ အရည်ချင်းစစ် စာမေးပွဲကို ကိုရီးယား အစိုးရ လူ့အရင်းအမြစ်ဌာနရုံးချုပ် Korea Hrd နဲ့ မြန်မာနိုင်ငံ အစိုးရ ပြည်ပ အလုပ် အကိုင်အေဂျင်စီတို့ပူးပေါင်းကာ တစ်နှစ်ကို တစ်ကြိမ် ကျင်းပပေးနေတာဖြစ်ပါတယ်။
စာမေးပွဲဖြေဆို အောင်မြင်ပြီးသူတွေထဲကနေမှ ပြန်လည်ရွေးချယ်ပြီး ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ် ကိုင်ဖို့ စေလွှတ်ပေးနေတာဖြစ်ပါတယ်။
အစိုးရနည်းပညာကောလိပ်ကနေ ဒုတိယနှစ်ဆက်မတက်ဘဲ ကျောင်းထွက်ပြီး သင်တန်းတက်ကာ ကိုရီးယားမှာအလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့သူ့အတွက် အချိန်ကောငွေပါ ဆုံးရှုံးခဲ့ရတယ်လို့ ကျောက်ပန်းတောင်းမြို့နယ်က ကိုဝင်းမိုးဇော်က ပြောပြပါတယ်။
ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ခွင့်ရဖို့အတွက် နယ်ဒေသအများစုကလူငယ်တွေဟာ ရန်ကုန်၊ မိတ္ထီလာ အစရှိတဲ့ မြို့ကြီးတွေမှာ သွားရောက်နေထိုင်ပြီး တစ်နှစ်ပတ်လုံးသင်တန်းတက်ရောက်ကာ ဖြေဆိုခွင့်ရဖို့အတွက် တစ်ဦးကို ကျပ်ဆယ်သိန်းကျော်လောက်ကုန်ကျခံပြီး ပြင်ဆင်ထားကြတာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံဘက်ကနေ မြန်မာလုပ်သားခေါ်ယူမှုဟာ ၂၀၁၇ ခုနှစ်မှာ ၄ထောင်ကျော်နဲ့ ၂၀၁၈မှာ တစ်သောင်းကျော်အထိ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၁,၅၀၀ ဦးရေသာ အောင်မြင်မှုပေးတော့မယ်ဆိုပြီး အရေအတွက်ကို လျှော့ချလိုက် တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်မှာ အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen ရာထူးကနုတ်ထွက်
အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နယ်စပ်ရေးရာမူဝါဒတွေကို အဓိက အကောင်အထည် ဖော်နေတဲ့ အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen ဟာ ရာထူးကနေနုတ်ထွက်သွားပါတယ်။
နုတ်ထွက်ရတဲ့အကြောင်းအရင်းကို မသိပေမယ့် သမ္မတနဲ့ ဝန်ကြီးအကြား ပြောဆိုဆွေးနွေးမှုတွေ အတွင်း တင်းမာမှုတွေဖြစ်နေတာ လချီကြာမြင့် နေပါပြီ။
အမေရိကန်နိုင်ငံထဲကို မက္ကဆီကိုနယ်စပ်ကနေ တရားမဝင် ဝင်လာနေတဲ့ရွှေ့ပြောင်းနေထိုင်သူ မြင့်တက် နေတာကို လျှော့ချဖို့ မလုပ်နိုင်တဲ့အပေါ် သမ္မတဘက်က ဒေါသသင့်အပြီးမှာ ခုလို ဖြစ်ခဲ့ပါတယ်။
ဒါအပြင် မစ္စနီးလ်ဆင်ဟာ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံခဲ့ရတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်း မိဘတွေနဲ့ ကလေးတွေကို ခွဲခြားထိန်းသိမ်းတဲ့မူဝါဒ အပါအဝင် သမ္မတ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတကတော့ မစ္စနီးလ်ဆင်နေရာမှာ အကောက်ခွန်နဲ့နယ်စပ်ဆိုင်ရာမဟာမင်းကြီး ကယ်ဗင် မက်ခ် လီနန်ကို ယာယီအမိမြေလုံခြုံရေးဝန်ကြီးအဖြစ် ခန့်ထား ပါတယ်။



















